
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ Non-CDM တွေအပါအဝင် ဒေသခံရခိုင်အမျိုးသား ၄ ယောက်ကို စစ်အာဏာရှင်တပ်က အာရက္ခတပ်တော်နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးသွားတယ်လို့ မြိုခံတွေထံက သိရပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ မီးသတ်ဌာနမှ တပ်ကြပ်ကြီး ကိုဆန်းဦး၊ ထွေအုပ် ယာဉ်မောင်း ကိုမင်းမင်း၊ စစ်ရှောင်စခန်းတာဝန်ခံ ဦးသာဟန်နဲ့ စစ်တွေဆေးရုံကြီး ဓာတ်မှန်ဌာနမှ အမျိုးသား တယောက်တို့ ဖြစ်ကြပါတယ်။
စစ်တွေမြို့ခံတယောက်က “၂၀ ရက်ကတော့ သူတို့ဌာနဆိုင်ရာဝန်းထမ်း ၃ ယောက်ကို စကစ ထောက်လှမ်းရေးတွေက ဖမ်းပြီး တခါတည်း စစ်ကြောရေးကို ခေါ်သွားတယ်။ အသက်အန္တရာယ်တောင် ရှိနိုင်တယ်”လို့ ပြောပါတယ်။
အလားတူ ဇူလိုင် ၂၁ ရက်ကလည်း ညနေ ၃ နာရီခန့်က စစ်ကောင်စီတပ်က အင်အား ၇ ယောက်လောက် ပါဝင်တဲ့ ကားတစီးနဲ့ စစ်တွေမြို့၊ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးသာဟန် ကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
နောက်ထပ်ဒေသခံတယောက်က “သူ့ကို ပထမတခေါက် ဖမ်းပြီးလွှတ်လိုက်လို့ အခု သူက စစ်ရှောင်စခန်းမှာ အလုပ်ပြန်လုပ်နေတယ်။ ဘာကြောင်းမှမသိရဘူး။ အခု ပြန်ဖမ်းသွားတယ်”လို့ ပြောပါတယ်။
စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသာဟန်ကို ဇွန် ၁၅ ရက်က တခါ စစ်တပ်က ဖမ်းသွားပြီး နောက်ဇွန် ၂၂ ရက်က ပြန်လွှတ်ပေးခဲ့ပါတယ်။ အခု ဒုတိယအကြိမ်ဖြစ် ဇူလိုင် ၂၁ ရက်မှာ စစ်တွေ အခြေစိုက် ဒကစက ထပ်မံ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
စစ်တွေမှာ စစ်အာဏာရှင်တပ်က ရခိုင်အမျိုးသားတွေကိုရော မွတ်စလင်အမျိုးသားတွေကိုပါ အကြောင်းမျိုးမျိုးပြကာ ဆက်တိုက်ဆိုသလို ဖမ်းဆီးနေတဲ့အတွက် ဒေသခံပြည်သူတွေကြား စိုးရိမ်မှု ပိုမိုမြင့်တက်နေပါတယ်။











