DVB Logo
Home
မြန်မာသတင်း
ဗန်းမော် စကခ ၂၁ ကို KIA အပြင်းအထန် တိုက်ခိုက်
DVB
·
February 19, 2025
ဗန်းမော် စကခ ၂၁ ကို KIA အပြင်းအထန် တိုက်ခိုက်
Donate to DVB

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စကခ ၂၁ နဲ့ အနီးက ခလရ ၂၃၆ တပ်စခန်းအပါအဝင် ကျန်ရှိနေတဲ့ တပ်စခန်းတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် ရှေ့တန်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ဗန်းမော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီရဲ့ ဆိုရှယ်မီဒီယာ ချန်နယ်တွေကနေ ဝါဒဖြန့် ထုတ်ဖော်ပြောကြားနေစဉ်မှာပဲ ဗန်းမော် စကခ ၂၁ အနီးက ခလရ ၂၃၆ တပ်စခန်းတွေကို KIA က ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်ထားတဲ့ အခြေအနေတော့ မဟုတ်သေးဘူးလို့ ရှေ့တန်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“၂၃၆ တော့ ရတာတော့ ရလာပြီ၊ ၁၀၀ ရာခိုင်နှုန်းတော့ မကုန်သေးဘူး၊ မသေချာသေးလို့၊ အကုန်မပြီးသေးတဲ့ အခြေအနေပါ။”

ဗန်းမော် စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်သားတယောက်ကလည်း ခလရ ၂၃၆ နဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“၂၃၆ တော့ ဒီနေ့ရသွားပြီ၊ အခု ၂၁ မှာ ထပ်ပစ်​နေကြတယ်။”

ဖေဖော်ဝါရီ ၂ ရက်က သိမ်းပိုက်ရရှိထားတဲ့ အမှတ် ၃၆၆ အမြောက်တပ်ရင်းကိုလည်း စစ်ကောင်စီတပ်သားတွေက ပြန်ပြီး ဝင်ရောက်နေရာယူတာတွေ ရှိတာကြောင့် ပြန်လည် ရှင်းလင်းရေး ပြုလုပ်နေပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့ ပတ်ဝန်းကျင်မှာ ဖေဖော်ဝါရီ ၁၈ ရက် ကတည်းက မြေပြင် နှစ်ဖက်ပစ်ခတ် တိုက်ခိုက်မှုတွေ အပါအဝင် လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်နေတဲ့ အသံတွေ ကြားနေရတယ်လို့ ဗန်းမော်မြို့နားမှာ တိမ်းရှောင်နေတဲ့ ပြည်သူတယောက်က ပြောပါတယ်။

“အရင်ရက်တွေက နည်းနည်းငြိမ်တယ်၊ မနေ့ကစလို့ သေနတ်အသေးပစ်တဲ့အသံတွေ ပြန်ကြားရတယ်။ အကြီးတွေကျတဲ့ အသံတွေကော၊ လက်နက်ကြီးသံတွေက နေ့တိုင်းလိုလို ကြားနေရာတာတော့ ဟုတ်တယ်။ အကြိမ်ရေများတာနဲ့ နည်းတာပဲကွာတယ်။ မနေ့ကဆိုလည်း အတော်ပြင်းထန်တယ် ထင်တယ်၊ အသံတွေ အတော်ကြားရတယ်။ လေယာဉ်ကလည်း ပြောမနေနဲ့။”

စစ်ကောင်စီဘက်ကလည်း ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ ထိုးစစ်ကို လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ပြီး ဟန့်တားတိုက်ခိုက်နေသလို အဆင့်မြင့် တိုက်ခိုက်ရေး ဒရုန်းတွေကိုလည်း အများအပြား အသုံးပြု တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ဗန်းမော်မြို့တိုက်ပွဲအတွင်း ဗုံးကြဲတိုက်ခိုက်နိုင်တဲ့ တိုက်ခိုက်ရေးဒရုန်း အစင်းရေ ၄၀ နဲ့အထက်ကို အသုံးပြုနေတယ်လို့ ဗန်းမော်မြို့တွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ KPDF တပ်ဖွဲ့ဝင်တယောက်ဆီကနေ သိရပါတယ်။

ဗန်းမော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်က ဝိုင်းဝန်းပိတ်ဆို့ထားတာ ဖြစ်သလို ဗန်းမော်မြို့ စစ်ကူပေးနိုင်ဖို့ လေကြောင်းတခုသာ ရှိနေပြီးတော့ စစ်ကောင်စီက Y-8 လေယာဉ်တွေနဲ့ နေ့စဉ် လက်နက်ခဲယမ်း၊ ရိက္ခာတွေ လေကြောင်းကနေ ချပြီး ဖြည့်တင်းတာတွေ ပြုလုပ်နေတယ်လို့လည်း မြေပြင်သတင်းရင်းမြစ်ကနေ သိရပါတယ်။

ဗန်းမော်မြို့က အမှတ် ၅၀၁၄ တင့်ကားတပ်ရင်းကို ဖေဖော်ဝါရီ ၁၀ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ဖေဖော်ဝါရီ ၂၅ ရက်ကလည်း အမှတ် ၇၀၀၆ သံချပ်ကာ တပ်ရင်းကိုလည်း ကချင်လွတ်မြောက်ရေးတပ်မတော်က တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

လက်ရှိ ဗန်းမော်မြို့ ပတ်ဝန်းကျင်မှာ စစ်ကောင်စီဘက်က စကခ ၂၁၊ တပ်မ ၈၈ နှစ်ဗျူဟာ အထိုင်ချထားတဲ့ နမ့်ဖား ဗန်းမော်တက္ကသိုလ်နဲ့ ခလရ ၄၇ တပ်စခန်းတွေမှာ စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ ခုခံနေဆဲဖြစ်သလို ဗန်းမော် ၄ မိုင်ဘက်က မဆရ ၁၁၊ ဆသရ ၅၊ ထပရ ၉၃၃၊ စအရ ၉၁၄ နဲ့ စနခ ၆၄၁ တပ်ရင်းတွေ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013