DVB Logo
Home
မြန်မာသတင်း
ချောင်းဦး၌ စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦးသေဆုံး၊ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး  ၂ ဦးသေ ၂ ဦး ဒဏ်ရာရ
DVB
·
February 19, 2025
ချောင်းဦး၌ စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦးသေဆုံး၊ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး  ၂ ဦးသေ ၂ ဦး ဒဏ်ရာရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဖေဖော်ဝါရီ ၁၈ ရက် ည​နေ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ပြည်သူ ၂ ယောက် သေဆုံးခဲ့သလို ကလေးငယ်အပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ChaungU Revolution ဆီကနေ သိရပါတယ်။

ChaungU Revolution ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ချောင်းဦး မြပုလဲ စစ်တပ်ဂိတ်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးက ကျီကုန်းရွာထဲကို ကျခဲ့တာပါ။ ရွာထဲက အသက် ၂၀ နဲ့ ၂၅ ကြား လူငယ်အမျိုးသား ၂ ယောက် နေရာမှာတင်ဆုံးသွားပါတယ်” လို့ ပြောပါတယ်။

အဲ့ဒီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အဆိုပါကျေးရွာအတွင်းက အသက် ၅ နှစ်အရွယ် ကလေးငယ် တယောက်အပါအဝင် အသက် ၃၀ ကျော် အမျိုးသား တယောက်နဲ့ အသက် ၄၀ ကျော် အမျိုးသမီး တယောက်တို့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဖီးနစ်က “ကျနော်တို့ ချောင်းဦးမြို့နယ်အတွင်းမှာက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေအပြင် စစ်ဘေးရှောင်စခန်းတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်တာတွေအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တာတွေ နေ့စဥ်ပြုလုပ်နေတာပါ။ အခုလည်း ကျီကုန်းရွာကို တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ မြပုလဲခွေးဂိတ်ကကောင်တွေက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကျခဲ့လို့ အခုလို ပြည်သူတွေ ဒုက္ခရောက်နေကြတာ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် အခုလို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် နေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေအပြင် ဗုံးခိုကျင်းတွေကိုလည်း မဖြစ်မနေတူးထားကြဖို့ တိုက်တွန်းလိုတယ်လို့လည်း ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းကလည်း မြပုလဲစစ်ကောင်စီဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ချောင်းဦးမြို့နယ်ထဲက တောချောင်းလေးကျေးရွာထဲ ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦးလည်း နေရာမှာတင် သေဆုံးခဲ့ရပါသေးတယ်။

စစ်ကိုင်းတိုင်း မုံရွာ- ချောင်းဦး လမ်းပိုင်း၊ နတ်ရေကန်စစ်ဆေးရေးဂိတ်အနီးမှာ ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီလောက်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းရုံးက ထွက်လာတဲ့ စစ်ကောင်စီသံပြားကာ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း ၁၂ တာဝန်ရှိသူဆီက သိရပါတယ်။

စစ်ကောင်စီသံပြားကာ စစ်ယာဉ်တန်း ၇ စီးကို ပွိုင့် ၃ နေရာကနေ မိုင်း ၁၅ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်သေဆုံး၊ ၂ ယောက်ပြင်းထန်ဒဏ်ရာတွေ ရရှိသွားပြီး မိုင်းထိမှန်သွားတဲ့ စစ်ကား တစီးကိုတော့ နတ်ရေကန် စစ်ဆေးရေးဂိတ်စခန်းမှာ ထားခဲ့တယ်လို့ ဆိုပါတယ်။

Royal Tiger Force ပြောက်ကျားတပ်ဖွဲသတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်ဇစ်ရိုးက “နမခ တိုင်းရုံးထဲကနေ စစ်ကိုင်းဘက်ထွက်လာတဲ့ အချိန်မှာ ပွိုင့်နေရာ ၃ ခုကနေ ကြိုစောင့်ပြီး မိုင်း ၁၅ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တတိယမြောက်စစ်ကားကို မိုင်းထိမှန်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် နေရာမှာပဲ သေဆုံးပြီး ၂ ယောက် ဒဏ်ရာတွေ ရရှိသွားတယ်” လို့ DVB ကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုကို DVB က သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်နိုင်ခဲ့ပေမဲ့ လက်နက်ခဲယမ်း အခက်အခဲတွေကြောင့် စစ်ယာဉ်တန်းကို အပြီးတိုင် မခြေမှုန်းနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၁၂ တပ်ခွဲ ၃၊ မုံရွာခရိုင်တပ်ရင်း၁၅ တပ်ခွဲ၃ ၊Royal Tiger Force ပြောက်ကျားတပ်ဖွဲ့၊ People Defense Force တပ်ဖွဲ့၊ နွေဦးညီအစ်ကိုများ တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013