
မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူးကလီးယားစွမ်းအားကို ဆက်လက်အားကောင်းစေဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က သူ့ရဲ့ နျူးကလီးယားကို ဖယ်ရှားကင်းစင်ရေးအတွက် လုပ်ဆောင်သွားမယ် ဆိုတဲ့ မကြာသေးမီက ပူးတွဲကတိပြုချက်ကို ရှုတ်ချကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ KRT က ဖော်ပြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအို၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုထယ်ယူးနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကဲရှီ အိဝါယာတို့ဟာ ဖေဖော်ဝါရီ ၁၅ ရက်က မြောက်ကိုရီးယားရဲ့ နျူးကလီးယားကို လုံးဝဖယ်ရှားကင်းစင်ရေး ကတိကဝတ်ကို ထပ်မံ အတည်ပြုခဲ့ကြပါတယ်။
ပြုံယမ်းရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ခေတ်မမီတော့တဲ့ အဓိပ္ပာယ်မဲ့ အစီအစဉ်ကို လိုက်နာဆောင်ရွက်နေတဲ့ နိုင်ငံတွေကို ဝေဖန်ပြစ်တင်ခဲ့ပြီး စုပေါင်းရန်လိုမှုနဲ့ ပဋိပက္ခတွေကို လှုံ့ဆော်တဲ့ မိုက်မဲတဲ့လုပ်ရပ်တွေကို လိုက်ရှာလုပ်ဆောင်မှုတွေ မလုပ်ဖို့လည်း သတိပေးခဲ့ပါတယ်။
“အမေရိကန်နဲ့ သူ့လက်အောက်ခံတပ်တွေရဲ့ ရန်လိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေသရွေ့ မြောက်ကိုရီးယားရဲ့ နျူးကလီးယားတွေဟာ ငြိမ်းချမ်းရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် နည်းလမ်းဖြစ်ပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားတဲ့ တရားဝင် ကိုယ်ပိုင်ကာကွယ်ရေးနည်းလမ်း ဖြစ်ကြောင်း” နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်ကို ကိုးကားပြီး KRT သတင်းမှာ ဖတ်ကြားသွားပါတယ်။
Source : Reuters











