
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းမှာ M23 သူပုန်တွေ ရောက်လာပြီးတဲ့နောက် ဘူခါဗူမြို့မှာ ဖရိုဖရဲ ဖြစ်နေကြတဲ့ မြင်ကွင်းတွေ ပျံ့နှံ့နေချိန်မှာ M23 သူပုန်အဖွဲ့ကို လက်နက်ဖြုတ်သိမ်းဖို့ အာဖရိကသမဂ္ဂ (AU) က ဖေဖော်ဝါရီ ၁၆ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။
ရဝမ်ဒါနိုင်ငံက ကျောထောက်နောက်ခံပြုထားတဲ့ M23 သူပုန်တွေဟာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းမှာ အကြီးဆုံးမြို့ဖြစ်တဲ့ ဂိုမာကို ကျန်ခဲ့တဲ့ လကုန်ပိုင်းက သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဘူခါဗူမြို့ကို ထိုးစစ်ဆင်ခဲ့ပါတယ်။
သောကြာနေ့ညနေပိုင်းမှာတော့ ဘူခါဗူမြို့ရဲ့ မြောက်ပိုင်းဆင်ခြေဖုံး ဘာဂျီရာကို ရောက်လာပြီး တနင်္ဂနွေမနက်မှာ မြို့လယ်ကို ရောက်လာခဲ့ပါတယ်။
အာဖရိကသမဂ္ဂ (AU) ရဲ့ နိုင်ငံရေးရာ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကော်မရှင်နာ ဘန်ခိုးလေး အေဒီအိုယေက “ကျနော်တို့အားလုံး DRC အရှေ့ပိုင်းမှာ ဒေသတွင်းစစ်ပွဲအဆင့် ပြောင်ပြောင်တင်းတင်း ဖြစ်လာမှာကို အလွန်ပဲ စိုးရိမ်ပါတယ်” လို့ အီသီယိုပီးယားနိုင်ငံရဲ့ မြို့တော် အဒစ် အဘာဘာမြို့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“M23 နဲ့ သူတို့ကို ထောက်ခံသူတွေဟာ ဂိုမာလေဆိပ်နဲ့ တခြားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ ဆုတ်ခွာဖို့နဲ့ လက်နက်ဖြုတ်သိမ်းဖို့လိုတယ်လို့ ကျနော်တို့ ထပ်လောင်း ပြောကြားပါတယ်” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိအခြေအနေဟာ ၁၉၉၀ နဲ့ ၂၀၀၀ ခုနှစ်တွေအတွင်း လူသန်းပေါင်းများစွာ သေဆုံးခဲ့တဲ့ ပဋိပက္ခတွေကို အမှတ်ရစေပြီး ပိုကျယ်ပြန့်တဲ့ စစ်ပွဲတခုဆီ ပြန်ရောက်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ မြင့်တက်လာနေပါတယ်။
Source : Reuters











