DVB Logo
Home
မြန်မာသတင်း
ရခိုင် စစ်ရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေ
DVB
·
February 18, 2025
ရခိုင် စစ်ရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေ
Donate to DVB

ရခိုင်ပြည်နယ် မြို့နယ်အများစုက စစ်ဘေးရှောင်စခန်းတွေမှာ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး ကူးစက်မှုနှုန်းကလည်း စိုးရိမ်စရာအခြေအနေဖြစ်လာတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ရခိုင်က ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ သံတွဲ စတဲ့မြို့နယ်တွေက စစ်ဘေးရှောင်စခန်းတွေမှာ အရေပြားရောဂါဖြစ်ပွားမှုနှုန်း ဆက်လက်မြင့်တက်နေတာပါ။

သောက်သုံးရေ မသန့်ရှင်းတာ၊ စစ်ဘေးရှောင်စခန်းတွေမှာ စုပြုံပြီး ပြွတ်သိပ်နေထိုင်ရတာ၊ တကိုယ်ရည်သန့်ရှင်းမှု အားနည်းတာ၊ ဆေးဝါးမလုံလောက်တာတွေကြောင့် အရေပြားရောဂါ ဖြစ်ပွားမှုနှုန်း ပိုများလာတာဖြစ်ပြီး စိုးရိမ်ရတဲ့အခြေအနေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ ‌ဒေသတွင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းဒေသခံတယောက်က “ကျနော်တို့ စဖြစ်တဲ့အခြေအနေကနေ အခုချိန်ထိ လုံလောက်တဲ့ ဆေးကုသခံယူခွင့်တွေ မရရှိကြဘူး။ ဖြစ်ပွားမှုကလည်း တရက်ထက်တရက် ပိုပိုပြီး တိုးနေတယ်။ အရေပြားရောဂါက အသက်အရွယ်မရွေး ဖြစ်ကြပါတယ်။ ၅ နှစ်အောက်ကလေးငယ်တွေကတော့ ပိုအဖြစ်များတာ တွေ့ရပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် မိုးဦးကာလ ဇွန်လအစပိုင်းကတည်းက ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်စခန်းတွေမှာ အရေပြားရောဂါ စဖြစ်ရာကနေ လက်ရှိမှာတော့ သံတွဲ၊ ငပလီ၊ ဂွမြို့နယ်အထိ ကူးစက် ပျံ့နှံ့လာခဲ့တာပါ။

ဂွမြို့နယ်အတွင်းမှာ အရေပြားရောဂါ ဖြစ်ပွားမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး ဖြစ်ပွားမှုတွေ ပြန်လည်မြင့်တက်လာတာဖြစ်ပြီး လူဦးရေ ၂,၀၀၀ ကျော်လောက်မှာ အရေပြားရောဂါ ကူးစက်ခံနေရတာလို့ ဒေသတွင်း စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ဂွမြို့နယ် ကျိန္တလီတိုက်နယ်၊ ဆပ်သွားတိုက်နယ်၊ ကုလားပြင်တိုက်နယ်တွေက ဒေသခံ ၆၀ ရာခိုင်နှုန်းလောက် အရေပြားရောဂါ ခံစားနေကြရပြီး အသက် ၁၀ နှစ်အောက် ကလေးငယ်တွေမှာ အရေပြားရောဂါ ဆိုးဆိုးရွားရွား ဖြစ်နေတာကို တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလိုပဲ သံတွဲစစ်ရှောင်စခန်းတွေမှာလည်း လူဦးရေ ၃၀ ရာခိုင်နှုန်းလောက်ဟာ အရေပြားရောဂါကို ခံစားနေကြရတယ်လို့ ဆိုပါတယ်။

သံတွဲဒေသခံတယောက်က “သတိထားမိတာကတော့ ကလေးတွေက စဖြစ်တာကို တွေ့ရတယ်။ အဖုလေးတွေ ဖြစ်တယ်ပေါ့နော်။ အဖုလေးတွေကို ကုတ်မိလို့ရှိရင် အရည်လေးတွေ ထွက်လာတယ်။ ပြီး အနာ‌ပုံစံလေးတွေ ဖြစ်လာတယ်။ ဘာလို့ဆို ဆေးဝါးမလုံလောက်တာလည်း ပါမယ်ထင်ပါတယ်” လို့ ပြောပါတယ်။

ရခိုင်မှာ တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ထားပြီး ဆေးဝါးသယ်ယူခွင့်တွေကို ပြင်းပြင်းထန်ထန် တားမြစ်ခဲ့တာကြောင့် ဒေသတွင်း ဆေးဝါး အဆမတန်ဈေးကြီးမှု၊ ဆေးဝါးပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတာပါ။

တဖက်မှာလည်း အာရက္ခတပ်တော် (AA) က မြို့နယ်အလိုက် ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးနေပေမဲ့ ဆေးဝါးလိုအပ်မှုတွေကတော့ ဆက်ရှိနေဆဲပါလို့ ဂွမြို့နယ် ပူးပေါင်းစစ်ရှောင်ကူညီရေးအဖွဲ့က ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက ပြောပါတယ်။

“ရခိုင်မှာ တကျော့ပြန်တိုက်ပွဲ ဖြစ်ကတည်းက စစ်ကောင်စီက ဖြတ်လေးဖြတ်ပေါ့နော်၊ စားနပ်ရိက္ခာတွေရော ဆေးဝါးတွေကို ဖြတ်တောက်ထားတဲ့အခါ လက်ရှိကတော့ ရခိုင်ပြည်နယ်ထဲမှာ ဆေးဝါး ရှားပါးပါတယ်။ ဆေးဝါးဝယ်ယူရာမှာလည်း ပစ္စည်းရှားပါးတာနဲ့ ဈေးနှုန်းကြီးမြင့်တာတွေကို ကြုံနေရပါတယ်။ လက်ရှိမှာလည်း အလှူငွေနည်းပါးတာကြောင့် စစ်ဘေးရှောင်တွေကို ကူညီပေးရာမှာ အခက်အခဲတော့ ရှိနေပါတယ်။ ပြည်တွင်းပြည်ပက အလှူရှင်တွေအနေနဲ့ ဆက်သွယ်လှူဒါန်းချင်တယ် ဆိုရင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနရှိတယ်၊ HDCO ပေါ့နော်၊ နောက်တခုက ပရဟိတအဖွဲ့နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကနေတဆင့် ချိတ်ဆက်ကူညီပေးလို့ ရပါတယ်။ ပြည်တွင်း ပြည်ပမှာရှိတဲ့ အလှူရှင်တွေ အသင်းအဖွဲ့တွေအနေနဲ့ ချိတ်ဆက်ပြီး လှူဒါန်းပေးဖို့လည်း ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။”

အရေပြားရောဂါ ဖြစ်ပွားတာကနေတဆင့် တခြားဘက်တီးရီးယားပိုးတွေပါ ထပ်ဝင်ရောက်နိုင်တာကြောင့် စဖြစ်ပြီဆိုကတည်းက မပေါ့ဆဘဲ သေချာ စနစ်တကျ ကုသမှု ခံယူသင့်တယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၆ သိန်းကျော်ရှိတယ်လို့ AA ရဲ့ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013