DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်ခွာရသည့် ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေရန် အခက်ကြုံ
DVB
·
February 18, 2025
နေရပ်စွန့်ခွာရသည့် ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေရန် အခက်ကြုံ
Donate to DVB

မြန်မာပြည့်အနှံ့အပြားရှိ တိုက်ပွဲဖြစ်ပွားတဲ့နေရာက နေရပ်စွန့်ခွာရတဲ့ ကျောင်းသားကျောင်းသူတွေ မတ်လအတွင်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုဖို့ အခက်အခဲတွေ ကြုံနေရပါတယ်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၇ ရက်မှာ စတင် ဖြေဆိုရတော့မယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာန စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

နိုင်ငံအနှံ့ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်နေပြီး မြို့သိမ်းတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသား ‌ကျောင်းသူတွေနဲ့ တိုက်ပွဲဖြစ်ပွားရာဒေသ ကျောင်းသူ ကျောင်းသားတွေဟာလည်း စာမေးပွဲဖြေဆိုဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ ကျောင်းသားမိဘတွေက‌ ပြောကြပါတယ်။

ဒီဇင်ဘာ ၄ ရက်‌ကတည်းက ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့အတွက် မြို့ခံပြည်သူအများစုဟာ နီးစပ်ရာကျေးရွာတွေနဲ့ ‌ဆွေမျိုးတွေရှိရာ မြို့ကြီးတွေကို ရွှေ့ပြောင်းခဲ့ကြရပါတယ်။

‌‌မြို့ကြီးတွေကို ရွှေ့ပြောင်းခဲ့ရတဲ့  တက္ကသိုလ်ဝင်တန်း ကျောင်းသားတချို့ကတော့  စာမေးပွဲဖြေဆိုဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

ဗန်းမော်ကနေ မန္တလေးကို ‌ရွှေ့ပြောင်းခဲ့ရတဲ့  တက္ကသိုလ်ဝင်တန်း ကျောင်းသားတချို့ကိုတော့ ထောက်ခံစာနဲ့ စာမေးပွဲဖြေခွင့်ရအောင် စီစဉ်ပေးနေတယ်လို့ ဗန်းမော်မြို့က ကျောင်းအုပ်ဆရာမတယောက်က ပြောပါတယ်။

“သူ့အုပ်ထိန်းသူ ကိုယ့်အုပ်ထိန်းသူကတော့ စီစဉ်ပေးမယ်ထင်တာပဲနော်။ ကျမတို့ကျောင်းကတော့ ကျမကိုယ်တိုင် အပ်ပေးတယ်။ ကျမကျောင်းက ကလေးတွေအတွက် ထ ၁၇ ‌ကျောင်းမှာ သွားတွဲလိုက်တယ်၊ ‌ကျောင်းအုပ်ဆရာမကြီးနဲ့ သွားတွေ့တယ်၊ အောင်မြေသာဇံမြို့နယ် ပညာရေးမှူးနဲ့ သွားတွေ့တယ်၊ တွေ့ပြီး ကလေးတွေကို အကုန်အပ်ပြီးမှ ပြည်နယ်ရုံးကနေ ပူးတွဲနှစ်တော့ မရဘူး၊ ထောက်ခံစာရတယ်၊ အကုန်လုံးအပ်ပြီးပြီ၊ စင်တာပြောင်းတဲ့ ဖြေဆိုခွင့်ကိုလည်း အထက်ထိ တင်ထားပြီးပြီ။”

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ဒေသတွေမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလ ပညာသင်ကျောင်းတွေ ဖွင့်လှစ်ထားပြီး အဲဒီကျောင်းတွေမှာလည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ ဖြေဆိုကြတော့မှာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တဝိုက်မှာတော့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် စာသင်ကျောင်းတွေ နေရာရွှေ့ကာ ဖွင့်လှစ်နေရတယ်လို့ ဆားလင်းကြီးမြို့နယ် ပညာရေးတာဝန်ခံက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမယ့်‌ ကျောင်းသားကျောင်းသူ ၉၆ ယောက်ရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ပြင်ဆင်တာတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံက ‌”ကျောင်းတွေက အခု လက်နက်ကြီးမီတဲ့ နေရာတွေကတော့ နားစွင့်နေရတာပေါ့၊ လက်နက်ကြီးကျနိုင်တဲ့ နေရာတွေဆိုရင် နေရာကို ပြောင်းဖွင့်ရတဲ့ အနေအထားတော့ ရှိတာပေါ့လေ။ သင်ကြားရေးတော့ တအားကြီး မထိခိုက်ပါဘူး၊ ကျနော်တို့ကလည်း ဒီနေရာမရ တခြားနေရာပြောင်းဖွင့်တာကို သူတို့ကို ရပ်ထားတာမှ မဟုတ်တာကို။ G12 ဆိုရင် ကျနော်တို့ ဖွင့်ထားတာလည်း အတော်ကြာပါပြီ။ အခုက အတော်လေး ပြည့်ပြည့်စုံစုံ ရနေကြပါပြီ” လို့ ပြောပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာတော့ NUG ရဲ့ ကြားကာလ ပညာသင်ကျောင်းပေါင်း ၉၈ ကျောင်း ဖွင့်လှစ်ထားပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူ ၁,၀၀၀ ဝန်းကျင် ရှိနေပါတယ်။

ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံက “လောလောဆယ်ဆိုရင် ကလေးမြို့မှာ တိုက်ပွဲတွေရှိနေတော့ တချို့ကျောင်းတွေမှာ ပိတ်ထားရတယ်၊ တက္ကသိုလ်ဝင်တန်းဖြေမယ့် ကိစ္စကလည်း ရက်တွေရွေ့ထားရတယ်၊ ဘာကြောင့်လဲဆိုတော့ အသက်အန္တရာယ်ထက် ဘာမှအရေးမကြီးဘူးဆိုတော့ အသက်အန္တရာယ်ကို ဦးစားပေးအနေနဲ့ ထားပြီးတော့မှ စာမေးပွဲဖြေဆိုဖို့  ကိစ္စကိုတွေကို နောက်ဆုတ်ထားတယ်၊ စာမေးပွဲဖြေဆိုဖို့ကလည်း ဝန်ကြီးဌာနက ၃ လအချိန်ပေးတာဖြစ်တဲ့အတွက်ကြောင့် စစ်ရေးအေးတဲ့အချိန်တွေ လုံခြုံရေးအရ အန္တရာယ် သိပ်မရှိတဲ့ အချိန်တွေမှသာ ဖြေဆိုဆောင်ရွက်ရမှာဖြစ်ပါတယ်၊ ဒါပေမဲ့ ကျောင်းသူ‌‌ ကျောင်းသားတွေကို‌တော့ စာသင်ကြား သင်ယူမှုမပြတ်ရအောင် ဆက်လက် ဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။

စာသင်ကြားရာမှာလည်း လေကြောင်းအန္တရာယ် သတိထားကာ သင်ကြားနေရပြီး ကျောင်းတွေမှာလည်း လေကြောင်း၊ လက်နက်ကြီးနဲ့ မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်တွေ၊ ဇာတ်တိုက်လေ့ကျင့်တာတွေ၊ ဟောပြောပွဲတွေပြုလုပ်ကာ ဗုံးခိုကျင်းတွေတူးပြီး ပြင်ဆင်နေရတယ်လို့ ဂန့်ဂေါမြို့နယ် ပညာရေးတာဝန်ခံက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ အာဏာသိမ်းပြီး ၄ နှစ်တာကာလအတွင်းမှာ စာသင်ကျောင်း‌ပေါင်း ၂၄၅ ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက် ‌ကျောင်းသားကျောင်းသူနဲ့ ဆရာ ဆရာမ စုစုပေါင်း ၂၅၀ ‌ကျော် သေဆုံးခဲ့တယ်လို့ NUG ရဲ့ စာရင်းတွေအရ သိရပါတယ်။ 

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013