DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းခိုင်းရန် စစ်တပ်က ဖမ်းဆီးနေသဖြင့် လူငယ်ရာချီ PDF ကို ဝင်ရောက်
DVB
·
February 17, 2025
စစ်မှုထမ်းခိုင်းရန် စစ်တပ်က ဖမ်းဆီးနေသဖြင့် လူငယ်ရာချီ PDF ကို ဝင်ရောက်
Donate to DVB

စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် လူငယ်အများစုကို စစ်သင်တန်း တက်ရောက်ဖို့ လိုက်လံဖမ်းဆီးနေတဲ့အတွက် စစ်မှုမထမ်းချင်သူ လူငယ်အများစုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေထဲကို အများအပြား ဝင်ရောက်လာနေပါတယ်။

ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းစစ်ဒေသ ရန်ကုန်တပ်ရင်း-၅၁၀၂ ကို ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်ဖို့ လူငယ် အမျိုးသားနဲ့ အမျိုးသမီး ၁၀၀ ကျော် ရောက်ရှိလာပြီး စစ်သင်တန်း တက်ရောက်နေကြပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ဝင်ရောက်လာသူတွေဟာ အသက် ၂၀ ဝန်းကျင် လူငယ်အများစု ဖြစ်ပြီး စစ်သားစုဆောင်းရေးအတွက် ပေါ်တာဆွဲခံရပြီးမှ ငွေကြေးများစွာပေးပြီး ပြန်လည်လွတ်မြောက်လာသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

PDF သင်တန်းတက်ရောက်ခဲ့သူ ရဲဘော်စွန်ရဲက “ကျနော့်ကို အလုပ်ပေးမယ်ဆိုပြီး ခေါ်သွားတာ မှော်ဘီစစ်တပ်ထဲ ရောက်သွားမှ သိလိုက်ရတယ်။ ကျနော့်နောက်မှာ အဖမ်းခံရသူ‌တွေလည်း ရှိတယ်။ ပြန်မယ်ပြောရင် ထုတယ် ရိုက်တယ်၊ မျက်နှာတွေလည်း ဖိနပ်နဲ့ရိုက်တယ်။ တပတ်လောက် ထမင်းမစားနိုင်ဘူး။ အဲဒီကနေပြီး မကွေး အမှတ် ၃ စုဆောင်းရေးတပ်ထဲကို ပို့လိုက်တယ်။ ကျနော်တို့ကို အားလုံးပေါင်း ပို့တာ ၈ ယောက်လောက်ရှိမယ်” လို့ DVB ကို ပြောပါတယ်။

ရန်ကုန်မြို့၊ လှိုင်သာယာ အထည်ချုပ်စက်ရုံအနီး စစ်တပ် ထောက်ခံသူတွေက အလုပ်ရှာနေတဲ့ လူငယ်တွေကို အလုပ်ပေးမယ်လို့ဆိုကာ လိမ်လည်ခေါ်ဆောင်ပြီး စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲဒီလို လိမ်လည်ခံရသူတွေအထဲ ရဲဘော်စွန်ရဲလည်း ပါဝင်ပြီး မကွေး အမှတ် ၃ စစ်သားစုဆောင်းရေးတပ်ကို ရောက်ရှိချိန်မှာ မိသားစုနဲ့ အဆက်အသွယ်ရကာ ငွေကြေး သိန်းပေါင်းများစွာပေးပြီး ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြန်လည်လွတ်မြောက်လာပြီးနောက်မှာ ရဲဘော်စွန်ရဲကို စစ်ကောင်စီတပ်ဖွဲ့က ဗိုလ်ကြီးတယောက်က တခြားလူငယ်တွေကို အလုပ်ပေးမယ်လို့ဆိုကာ လိမ်လည်ခိုင်းပြီး စစ်သားစုဆောင်းဖို့ ခိုင်းစေတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ကို ရောက်ရှိလာခဲ့တာလို့ သိရပါတယ်။

“သူတို့ (စစ်ကောင်စီ) ကျနော့်ကို စောင့်ကြည့်တယ်၊ ဆရာမိုးကြီး ဆိုတဲ့သူက သူ့ဖုန်းနံပါတ် ကျနော့် ပေးတယ်၊ သူ့ကို လူရှာပေး၊ ပိုက်ဆံပေးမယ်၊ အလုပ်ရှိတယ်ပြောပြီး လူရှာ၊ ကျနော် မရှာပေးခဲ့ပါဘူး။”

လူငယ်အများစုဟာ စစ်မှုထမ်းဥပဒေကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေထဲကို ဝင်ရောက်တဲ့သူတွေ ရှိသလို တခြားနည်းလမ်းတွေဖြစ်တဲ့ ပြည်ပထွက်ခွာတာနဲ့ ကျောင်းတွေ ပြန်တက်တာတွေကိုလည်း လုပ်ဆောင်လာနေကြပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီလကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းမှာ စစ်မှုထမ်းအပတ်စဉ် ၉ ခုအထိ ခေါ်ယူထားပြီး လူငယ်ပေါင်း ၂၄,၀၀၀ နီးပါးကို အဓမ္မဖမ်းဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013