
မြန်မာနိုင်ငံတွင်း တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားတဲ့ဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ပံ့ပိုးကူညီပေးဖို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၄ ရက်အထိ နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ လွှတ်တော်ဆိုင်ရာကြားနာပွဲကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ပြီး ဆွေးနွေးရာမှာ တောင်းဆိုလိုက်တာလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH) က ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်လိုက်တာပါ။
ကုလသမဂ္ဂရုံးချုပ်မှာ “ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုပန်းတိုင်များအတွက် အကောင်အထည် ဖော်ဆောင်ရွက်မှုများ အရှိန်မြှင့်တင်ခြင်း။ ဘဏ္ဍာရေး၊ အဖွဲ့အစည်းများနှင့် နိုင်ငံရေး” ခေါင်းစဉ်နဲ့ ကျင်းပတဲ့ လွှတ်တော်ဆိုင်ရာကြားနာပွဲသို့ မြန်မာနိုင်ငံက CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့တာပါ။
ကြားနာပွဲမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ စစ်အာဏာသိမ်းမှုနောက် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုတွေ ရပ်တန့်သွားမှု၊ ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ လွှတ်တော်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရဲ့ ကြိုးပမ်းနေမှု၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နိုင်ရေး နိုင်ငံတကာအသိုက်အဝန်းက ပံ့ပိုးကူညီပေးစေလိုမှု စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
လွှတ်တော်ဆိုင်ရာကြားနာပွဲကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းတို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ကနေဒါနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ရဲ့ အမြဲတမ်းကိုယ်စားလှယ်တွေနဲ့လည်း သီးခြားစီတွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဟာ နိုင်ငံတကာပါလီမန်များအဖွဲ့ရဲ့ ညီလာခံတွေမှာ တက်ရောက်ပြီး မြန်မာ့အရေးအခြေအနေတွေ၊ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ၊ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို ဆွေးနွေးနေသလို တရားမဝင်စစ်အာဏာရှင်စနစ် ကျဆုံးရေးနဲ့ အနာဂတ်နိုင်ငံ တော်သစ်တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက် ကူညီပေးဖို့ နိုင်ငံတကာကို တိုက်တွန်းလုပ်ဆောင်နေတယ်လို့ CRPH က ထုတ်ပြန်ထားပါတယ်။