DVB Logo
Home
မြန်မာသတင်း
သာဂရမြို့ဟောင်း ဖြိုချဖျက်ဆီးမှု ပြင်းထန်စွာအရေးယူမည်ဟု NUG ပြော
DVB
·
February 17, 2025
သာဂရမြို့ဟောင်း ဖြိုချဖျက်ဆီးမှု ပြင်းထန်စွာအရေးယူမည်ဟု NUG ပြော
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ မြို့ဟောင်းကျေးရွာအုပ်စု၊ သာဂရမြို့ဟောင်းရှိ မြို့ရိုးတွေကို စက်ယန္တရားကြီးတွေ အသုံးပြုကာ ဖြိုချဖျက်ဆီးနေတာကို မရပ်တန့်ရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းစစ်ဌာနက ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး လက်နက်ကိုင်အဖွဲ့အစည်းတခုက လုံခြုံရေးယူပေးကာ သာဂရမြို့ဟောင်းကို ဘက်ဟိုးကား ၂ စီးနဲ့ ဖြိုချပြီး မြေအကွက်ချရောင်းဖို့ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုင်းစစ်ဌာန ပြန်ကြားရေးတာဝန်ခံက “ပေးပို့လာတဲ့ မှတ်တမ်းတွေအရ မြို့ဟောင်းမှာ တော်တော်လေး ဖျက်ဆီးခံထားရတယ်။ ဇုန်ဧရိယာအတွင်း အတိအကျ ပျက်စီးမှုကိုတော့ ကျနော်တို့ ကွင်းဆင်းပြီးမှ သိနိုင်မှာပါ။ လက်နက်ကိုင်အဖွဲ့အစည်းကိုတော့ ကျနော်တို့အနေနဲ့ စုံစမ်းနေဆဲပါ။ အရေးယူဆောင်ရွက်ဖို့အတွက် မြို့နယ်ပကဖတွေနဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး ပြင်ဆင်သွားမှာပါ” လို့ ပြောပါတယ်။

ဒေသခံတွေကတော့ အဆိုပါမြို့ဟောင်းရဲ့ မြို့ရိုးကို ဖြိုချတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဟာ ဗထူးတပ်မတော် ဖြစ်တယ်လို့ ပြောပါတယ်။

ဒေသခံတယောက်က “မနေ့က ဘက်ဟိုးကား ၂ စီး လုပ်နေတယ်။ ဒီနေ့တော့ မြေသယ်ကားတွေ အပါအဝင် ဘက်ဟိုးကားတစီး ဆက်လုပ်နေတယ်။ ဒေသခံတွေကတော့ ဒီလုပ်ရပ်အပေါ်မှာ ဘယ်သူမှ လက်မခံကြဘူး။ လုပ်တဲ့အဖွဲ့အစည်းအပေါ်မှာလည်း အားလုံး ကန့်ကွက်နေကြတယ်” လို့ ပြောပါတယ်။

ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်) ကလည်း ဗထူးတပ်မတော်က သာဂရမြို့ဟောင်း မြို့ရိုးတွေကို ဖျက်ဆီးမှုနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၆ ရက်မှာ ကြေညာချက်ထုတ်ပြန် ကန့်ကွက်ထားပါတယ်။

ထားဝယ်တမျိုးသားလုံးရဲ့ သမိုင်းအမွေအနှစ်ဖြစ်တဲ့ သာဂရမြို့ဟောင်းအား ဆင်ခြင်မဲ့စွာ ဖျက်ဆီးပစ်နေတဲ့ လုပ်ရပ်ဟာ ထားဝယ်လူမျိုးစုတရပ်လုံးရဲ့ ကိုယ်ပိုင်ယဥ်ကျေးမှု၊ အမျိုးသားရေးလက္ခဏာတွေကို အောက်တန်းကျစွာ ဖျက်ဆီးပစ်တဲ့လုပ်ရပ် ဖြစ်တာကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ဆိုပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဗထူးတပ်မတော် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုထက်မြက်က "ကျနော်တို့ ဗထူးတပ်မတော်နဲ့ ဘာမှ သက်ဆိုင်မှုမရှိဘူး။ လက်ရှိ ဖြစ်ပေါ်နေတာနဲ့ ပက်သက်ပြီးလည်း ကျနော်တို့ သိထားရသလောက်က ပြည်သူက သူ့ဦးပိုင်မြေကို သူလုပ်နေတာ။ လက်ရှိ ဝေဖန်နေတဲ့အပေါ်မှာလည်း ကျနော်တို့အနေနဲ့က ဝေဖန်နေမယ့်အစား အသေးစိတ်ကို ကွင်းဆင်းလေ့လာကြဖို့ ပြောချင်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခု ၃ လပိုင်းတုန်းကလည်း သာဂရမြို့ဟောင်းမှာ မြေဖို့ပြီး အကွက်ရိုက် ရောင်းချတာမျိုးကို ဒေသခံတွေက ကန့်ကွက်ခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီကိုလည်း တိုင်ကြားစာတွေ ပေးပို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာဂရမြို့ဟောင်းမှာ မြို့ရိုး ၃ ထပ်ရှိပြီး အပြင်မြို့ရိုးဧရိယာမှာ ၂၆၀ ဧကခန့်နဲ့ အတွင်းမြို့ရိုး ဧရိယာမှာ ၁၃၀ ဧကခန့်ရှိကာ ၂၀၁၂ ခုနစ်မှာ ယဥ်ကျေးမှုကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013