DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းအရေး ဥရောပခေါင်းဆောင်များ အရေးပေါ် ဆွေးနွေးပွဲ ကျင်းပမည်
DVB
·
February 17, 2025
ယူကရိန်းအရေး ဥရောပခေါင်းဆောင်များ အရေးပေါ် ဆွေးနွေးပွဲ ကျင်းပမည်
Donate to DVB

ယူကရိန်းစစ်ပွဲအရေး အမေရိကန်နဲ့ ရုရှား ဆွေးနွေးရာမှာ ဥရောပကို ချန်လှပ်ထားမှာ စိုးရိမ်နေကြတဲ့ ဥရောပခေါင်းဆောင်တွေဟာ လာမယ့်အပတ်  ပါရီမြို့မှာ အရေးပေါ် ထိပ်သီးအစည်းအဝေး ကျင်းပမှာဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက “ဒါဟာ ကျနော်တို့ရဲ့ အမျိုးသားလုံခြုံရေးအတွက် မျိုးဆက်တခုမှာ တကြိမ်သာကြုံရမယ့် အရေးကြီးအချိန် ဖြစ်ပါတယ်။ NATO မှာ ဥရောပက ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရမယ်ဆိုတာ ရှင်းနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတ ထရမ့်ပ်ရဲ့ ယူကရိန်းဆိုင်ရာ အထူးကိုယ်စားလှယ်က စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးပွဲတွေမှာ ဥရောပခေါင်းဆောင်တွေကို တိုင်ပင်မှာဖြစ်ပေမဲ့ ဆွေးနွေးပွဲတွေမှာတော့ ပါဝင်စေမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ “ကျနော်တို့ ပါဝင်ခွင့်မရှိဘဲ ကျနော်တို့နောက်ကွယ်မှာ လုပ်ထားတဲ့ သဘောတူညီချက်တွေကို လက်မခံနိုင်ဘူး” လို့ မြူးနစ်လုံခြုံရေးညီလာခံမှာ ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း အမေရိကန်အရာရှိကြီးတွေဟာ ဆော်ဒီအာရေဗျမှာ ရုရှားတာဝန်ရှိသူတွေနဲ့ ကြိုတင်ညှိနှိုင်းဖို့ ရှိနေပါတယ်။

ထရမ့်ပ်ရဲ့ အဆိုပြုချက်အရ အမေရိကန်ဟာ ရုရှား၊ ယူကရိန်းတို့နဲ့ သုံးပွင့်ဆိုင် ဆွေးနွေးမှာဖြစ်ပြီး ဥရောပကို ချန်လှပ်ထားတာဖြစ်ပါတယ်။

ဒီအချိန်မှာ ဥရောပက ဘယ်လိုတုံ့ပြန်မလဲဆိုတာ ညှိနှိုင်းဖို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က အစည်းအဝေးခေါ်တာလို့ ပိုလန်ဘက်က ထုတ်ပြန်ပါတယ်။ ပြင်သစ်ဘက်ကတော့ ဒီအစည်းအဝေးအကြောင်း တရားဝင် မကြေညာရသေးပါဘူး။

မော်စကိုစစ်ပွဲ အဆုံးသတ်ရေး တကယ့်ဆွေးနွေးမှုတွေကျရင် ယူကရိန်းနဲ့ ဥရောပကိုပါ ဝင်စေမှာဖြစ်တယ်လို့ ဒီတပတ် ရုရှားကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက ပြောပါတယ်။

အခု ရုရှားနဲ့ ဆွေးနွေးမှုဟာ ငြိမ်းချမ်းရေးအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင် ဘက်က တကယ်စိတ်အားထက်သန်မှု ရှိသလား ဆိုတာကို ကြည့်ဖို့ အခွင့်အလမ်းသာဖြစ်ကြောင်းလည်း မှတ်ချက်ချပါတယ်။

ဆော်ဒီအာရေဗျမှာ ကျင်းပမယ့် အစည်းအဝေးမှာ ဥရောပကိုရော ရုရှားကျူးကျော်မှု ရင်ဆိုင်နေရတဲ့ ယူကရိန်းကိုပါ ချန်လှပ်ထားတာကြောင့် ဥရောပက စိုးရိမ်နေကြချိန်မှာ ရူဘီအိုက အခုလိုပြောလိုက်တာပါ။

CBS  ရုပ်သံနဲ့ အင်တာဗျူးမှာ ရူဘီအိုက အခုညှိနှိုင်းမှာဟာ စိတ်အားထက်ထက်သန်သန်နဲ့ မစရသေးကြောင်း၊ ဆွေးနွေးမှုတွေ တိုးတက်လာရင် ယူကရိန်းနဲ့ တခြားဥရောပနိုင်ငံတွေကိုလည်း ခေါ်ယူဆွေးနွေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်တာဝန်ရှိသူတွေဟာ ဥရောပတာဝန်ရှိသူတွေကို မေးခွန်းတွေ ပေးအပ်ခဲ့ပြီး အဲဒီအထဲမှာ ထူးခြားတာက ယူကရိန်းနဲ့ ရုရှား ငြိမ်းချမ်းရေးသဘောတူညီမှုကို အားဖြည့်ပေးဖို့ ဥရောပဘက်က တပ်ဖွဲ့ဝင်ဘယ်လောက် ထည့်ဝင်ပေးနိုင်မလဲဆိုတဲ့အချက် ပါဝင်နေပါတယ်။

ထရမ့်ပ်နဲ့ ပူတင် ပြီးခဲ့တဲ့အပတ်က ဖုန်းပြောခဲ့ရာမှာ ပူတင်က ငြိမ်းချမ်းရေးလိုလားတယ်လို့ ပြောခဲ့ကြောင်း ရူဘီအိုက ပြောပါတယ်။

ဒါကြောင့် ထရမ့်ပ်က ယူကရိန်းရဲ့ အချုပ်အခြာအာဏာ တည်တံ့ကာကွယ်စေတဲ့ နည်းလမ်းနဲ့ ပဋိပက္ခအဆုံးသတ်ဖို့ ဆန္ဒကို ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

အခုအခါမှာ နောက်ဆက်တွဲအနေနဲ့ တကယ်စိတ်အားထက်သန်မှုရှိ၊ မရှိကို လေ့လာမှုဖြစ်ကြောင်း၊ ဖုန်းခေါ်ဆိုမှု တကြိမ်နဲ့တော့ ငြိမ်းချမ်းရေးမရနိုင်ကြောင်း ရူဘီအိုက ပြောကြားခဲ့ပါတယ်။

ဆော်ဒီမှာဆွေးနွေးဖို့ ဖြစ်လာတယ် ဆိုတာကလည်း မူလကတည်းက ဒီခရီးစဉ်က တရားဝင် စီစဉ်ပြီးသား ဖြစ်နေတာကြောင့်လို့ ဖြေရှင်းပါတယ်။

ရုရှားဘက်က ဘယ်သူတွေပါမလဲ ဆိုတာတော့ အပြီးမသတ်ရသေးဘူးလို့လည်း ရူဘီအိုက ဆိုပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013