အမေရိကန် ရေတပ်အကြီးအကဲ ဂျွန်ဖီလန်ဟာ ထရမ့်ပ်အစိုးရအဖွဲ့ကနေ နုတ်ထွက်သွားပြီလို့ ပင်တဂွန်စစ်ရုံးချုပ်က ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ရေတပ်ဝန် (Navy Secretary) ရာထူးဟာ ကာကွယ်ရေးဝန်ကြီးရဲ့ အောက်တဆင့်နိမ့်ရာထူးဖြစ်ပြီး ရေတပ်ဌာနကြီးတခုလုံးရဲ့ အရပ်သားအကြီးအကဲ ဖြစ်ပါတယ်။
ရေတပ်ရဲ့ စစ်ဘက်ဆိုင်ရာ အမြင့်ဆုံးအရာရှိဖြစ်တဲ့ ရေတပ်စစ်ဆင်ရေးအရာရှိချုပ်ဟာ ရေတပ်ဝန်ရဲ့အောက်မှာ ရှိပါတယ်။
သူ့နေရာမှာ လက်ထောက်အတွင်းဝန် ဟွမ်ချောင်က ယာယီတာဝန်ယူမှာဖြစ်ပြီး သူဟာ တောင်ဗီယက်နမ်မှာ မွေးဖွားသူဖြစ်ကာ ရေတပ်စစ်မှုထမ်းသက် ၂၅ နှစ်ရှိသူပါ။
ဂျွန်ဖီလန်ရဲ့ နုတ်ထွက်မှုဟာ အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စစ်ပွဲဆင်နွှဲနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆီသ်ဟာ မကြာသေးခင်ကမှ စစ်ဘက်အရာရှိကြီး တော်တော်များများကို ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။
အခုနုတ်ထွက်သွားတဲ့ ဂျွန်ဖီလန်ဟာ စစ်မှုထမ်းဟောင်းမဟုတ်ဘဲ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုမှာ ရန်ပုံငွေအများအပြား ထည့်ဝင်ခဲ့သူအဖြစ် ထင်ရှားပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ်က သမ္မတကြေညာခဲ့တဲ့ “ရွှေရောင်ရေတပ်မတော်” (Golden Fleet) စီမံကိန်းကို ထောက်ခံခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အခုလို ရာထူးအပြောင်းအလဲဟာ သမ္မတ ပိုပြီးယုံကြည်ရတဲ့ လူယုံတယောက်ကို ခန့်အပ်ချင်တာကြောင့် ဖြစ်နိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူဟောင်း အင်ဒရူးပိခ်က သုံးသပ်ထားပါတယ်။










