
အာဖဂန်နိုင်ငံသားအမျိုးသား တယောက်ဟာ ဂျာမနီနိုင်ငံ မြူးနစ်မြို့ရှိ လူအုပ်ထဲကို ရည်ရွယ်ချက်ရှိရှိ ကားမောင်းခဲ့တာ ဖြစ်ကြောင်း ဝန်ခံခဲ့ပြီး အာဏာပိုင်တွေဟာ ရာဇ၀တ်မှုအတွက် အစ္စလာမ္မစ် ရည်ရွယ်ချက်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း ထိပ်တန်းအစိုးရရှေ့နေက ဖေဖော်ဝါရီ ၁၃ ရက်မှာ ပြောပါတယ်။
အသက် ၂၄ နှစ်အရွယ် ဖှာဟက်ဒ် နူရီ အမည်ရှိ အာဖဂန်အမျိုးသားဟာ မြို့လယ်မှာ စုရုံးနေကြတဲ့ ဆန္ဒပြသူတွေကို တမင်တကာ ကားမောင်း ဝင်တိုက်ခိုက်ခဲ့တာလို့ ဝန်ခံခဲ့ပြီး လောလောဆယ် ကျူးလွန်သူရဲ့ ပြောပြချက်တွေနဲ့ လက်ရှိအခြေအနေ အကဲဖြတ်မှုတွေအရ သိထားသမျှကို အခြေခံပြီး ပြောရရင် အစ္စလာမ္မစ် လှုံ့ဆော်မှုကနေ ရာဇ၀တ်မှု ကျူးလွန်ခဲ့တာလို့ ဆိုနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ အစိုးရရှေ့နေ ဂါဘရီယဲလီ တေးလ်မန်းန် က ပြောပါတယ်။
စွပ်စွဲခံရသူဟာ ဥပမာ IS လိုမျိုး အစ္စလာမ္မစ်အဖွဲ့အစည်းတခုခုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အထောက်အထား မရှိပေမဲ့ သူဟာ ရာဇ၀တ်မှု ကျူးလွန်ပြီးပြီးချင်းမှာပဲ တရားခံဟာ အလ္လာဟူ အက္ကဘာ ဆိုပြီး အစွန်းရောက်အကြမ်းဖက်သမားတွေ ရွတ်ဆိုလေ့ရှိတဲ့ ဝေါဟာရကို ရဲအရာရှိတွေကို ပြောခဲ့တာကြောင့် ချက်ချင်း တရားစွဲဆိုဖို့ သဲလွန်စ ရသွားတာလို့လည်း ပြောဆိုပါတယ်။
စံလုပ်ထုံးလုပ်နည်းအရ စိတ်ရောဂါအကဲဖြတ်မှု လုပ်ကြည့်ခဲ့ပေမဲ့ ပြစ်မှုကျူးလွန်သူဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တစုံတရာ ရှိတယ်ဆိုတဲ့ အရိပ်အယောင်တွေ ရှိမနေတာကြောင့် ချက်ချင်း ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့လည်း ပြောကြားပါတယ်။
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်နဲ့ ယူကရိန်းသမ္မတ ဇလန်စကီးတို့ အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေ မြူးနစ်လုံခြုံရေးညီလာခံကျင်းပမယ့် ဂျာမနီတောင်ပိုင်းမြို့ကို မရောက်ရှိလာခင် နာရီပိုင်းအလိုမှာပဲ သံသယရှိစရာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။
ဖေဖော်ဝါရီ ၁၃ ရက်က လူအုပ်ထဲ ကားဝင်တိုက်မှုကြောင့် ကလေးတယောက် အပါအဝင် အနည်းဆုံး လူ ၃၆ ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။
ဒါကြောင့် လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် ဖက်ဒရယ်ရွေးကောက်ပွဲ မတိုင်ခင်မှာ လုံခြုံရေးကို ထပ်မံ တိုးမြှင့်တင်းကျပ်ထားပါတယ်။
Source: Reuters








