
ယူကရိန်းဟာ နေတိုးစစ်မဟာမိတ်အဖွဲ့ထဲကို မပါဝင်နိုင်ခဲ့ဘူးဆိုရင် သူ့ရဲ့စစ်တပ်အရွယ်အစားကို တပ်ဖွဲ့ဝင် အင်အား ၁ သန်းခွဲအထိ ၂ ဆ တိုးမြှင့်ဖို့ လိုအပ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးက ဖေဖော်ဝါရီ ၁၄ ရက် မြူးနစ်လုံခြုံရေးညီလာခံမှာ ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ နေတိုးမဟာမိတ် ဖြစ်ဖို့ကို အမေရိကန်က ကိယက်ဗ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့တာကိုလည်း အသိအမှတ်ပြုလိုက်ပြီး ဝါရှင်တန်ဟာ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် အမှန်တကယ် မတွေးထားဖူးကြောင်း၊ သမ္မတ ဘိုင်ဒင်နဲ့ ပထမဆုံးအကြိမ် ဖုန်းပြောတုန်းက ယူကရိန်းကို နေတိုးကို ဝင်ခွင့်ပြုမလားဆိုပြီး မေးတုန်းက မရဘူးလို့ ဖြေကြားပြီး အစည်းအဝေးတွေ အများကြီး လုပ်ရဦးမယ်လို့ ဘိုင်ဒင်က ပြောကြားကြောင်းနဲ့ သူတို့က “အဲဒါကို ပြောဆိုရုံသာ”လောက်ပဲ ဖြစ်ကြောင်း ဇလန်စကီးက ပြောပါတယ်။
ဒါပေမဲ့ သူတို့က နေတိုးမှာ ယူကရိန်းကို မလိုလားဘူး ဆိုတာ အမှန်ပါပဲလို့လည်း ဆိုပါတယ်။ အထူးသဖြင့် အခု သမ္မတ ထရမ့်ပ်နဲ့လည်း စကားပြောဖြစ်တော့ ဒီနေ့အတွက် နေတိုးကို ဝင်မရရင် မနက်ဖြန်မှာလည်း နေတိုး ဝင်ဖို့ကိစ္စ ထပ်မေးနေဦးမှာပဲလို့လည်း ဇလန်စကီးက ပြောဆိုပါတယ်။ တကယ့် နေတိုးအဖွဲ့ထဲကို ဝင်လို့မရရင် ယူကရိန်းမှာပဲ နေတိုး ထပ်ဖွဲ့ရမှာပဲလို့လည်း ဆိုပါတယ်။
ယူကရိန်းမှာ တပ်မဟာပေါင်း ၁၁၀ ရှိပြီး ရုရှားမှာ တပ်မဟာပေါင်း ၂၂၀ ရှိတာကြောင့် ရုရှားက ယူကရိန်းထက် ၂ ဆ ပိုကြီးနေတာကြောင့် ယူကရိန်းစစ်တပ်ကို ၂ ဆတိုးရမယ်လို့ ဇလန်စကီးက မြူးနစ်ချ် ညီလာခံမှာ ပြောသွားပါတယ်။
သူဟာ ရုရှားလူမျိုးတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး သူနဲ့ပြောဆိုဆွေးနွေးရမယ့် တယောက်တည်းသော ရုရှားလူမျိုးကတော့ သမ္မတ ဗလာဒီမာပူတင်ပဲ ဖြစ်ကြောင်း၊ ဒါကိုလည်း ယူကရိန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဥရောပခေါင်းဆောင်တွေနဲ့ ဘုံအစီအစဉ်တစ်ရပ်ကို သဘောတူပြီးတာနဲ့ လုပ်ဆောင်မှာဖြစ်ကြောင်း ပြောဆိုပါတယ်။
တခြားအပေးအယူလုပ်တဲ့ ပလက်ဖောင်းတွေမှာ မဟုတ်ဘဲ ဒီကိစ္စအတွက်ပဲ ပူတင်နဲ့ ထိုင်ပြီး စစ်ပွဲရပ်ဖို့ ပြောမယ် လို့ ယူကရိန်းသမ္မတ ဇလန်စကီးက ပြောသွားပါတယ်။
Source: Reuters










