DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်များ ဖမ်းဝရမ်းကို အကောင်အထည်ဖော်ရန် အင်တာပိုလ်နှင့် ချိတ်ဆက်မည်
DVB
·
February 15, 2025
စစ်ခေါင်းဆောင်များ ဖမ်းဝရမ်းကို အကောင်အထည်ဖော်ရန် အင်တာပိုလ်နှင့် ချိတ်ဆက်မည်
Donate to DVB

စစ်ခေါင်းဆောင်တွေအား ထုတ်ထားတဲ့ ဖမ်းဝရမ်းကို အကောင်အထည်ဖော်ဖို့ တရားရုံးကနေတဆင့် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (အင်တာပိုလ်) နဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့-ယူကေ BROUK တာဝန်ရှိသူက ပြောပါတယ်။ 

အာဂျင်တီးနားတရားရုံးက စစ်ခေါင်းဆောင်အပါအဝင် စစ်တပ်အရာရှိ ၂၂ ယောက်နဲ့ အရပ်သား ၃ ယောက်ကို ဖမ်းဝရမ်းထုတ်လိုက်ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့-ယူကေ (BROUK) က ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ အရပ်သား ၃ ယောက်စာရင်းထဲမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်တို့ ပါဝင်ခဲ့ပါတယ်။ 

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာအများအပြား လူမျိုးတုံးသတ်ဖြတ်ခံရတာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတဲ့အမှုအတွက် စစ်ခေါင်းဆောင်တွေကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။​ 

ဖမ်းဝရမ်းကို အကောင်အထည်ဖော်ဖို့ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ကနေတဆင့် နိုင်ငံတကာအစိုးရတွေနဲ့ ရဲတပ်ဖွဲ့တွေဆီကို အာဂျင်တီးနားတရားရုံးက အသိပေးအကြောင်းကြားတာတွေ ဆက်လက်ပြုလုပ်သွားဖို့ ရှိနေပါတယ်။

ဦးထွန်းခင် (မြန်မာရိုဟင်ဂျာအဖွဲ့-ယူကေ BROUK) က “အင်တာပိုလ်ကနေတာဝန်ရှိတာပေါ့နော် ဖမ်းဖို့ ကိစ္စကတော့။ တရားရုံးနဲ့ချိတ်ဆက်ပြီး ကျနော်တို့ အလုပ်လုပ်နေတယ်။ တရားရုံးကတဆင့် အင်တာပိုလ်ကို အသိအကြောင်းကြားစာတွေပို့မယ်။ ဒီရက်ပိုင်းတွေမှာ အသိပေးအကြောင်းကြားစာတွေနဲ့ အင်တာပိုလ်အနေနဲ့ ဖမ်းဝရမ်းကို အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ကျနော့်အနေနဲ့ ပထမဆုံးပြောချင်တယ်။ ဘယ်နိုင်ငံက ရဲတပ်ဖွဲ့မဆို အင်တာပိုလ်နဲ့ ပူးပေါင်းပြီးတော့ ဖမ်းပေးလို့ရတယ်။ အဲ့ဒါတခုက တော်တော်ကောင်းတယ် အာဂျင်တီးနား Case မှာ။ အာဂျင်တီးနားတရားရုံး နဲ့ ကျနော်တို့ အလုပ်လုပ်နေတာတွေရှိတယ်။ နောက်အပတ်အတွင်းမှာ ဒီကိစ္စကို အသိပေးအကြောင်းကြားစာတွေ ပို့ပေးဖို့ အင်တာပိုလ်သက်သက်မဟုတ်သေးဘူး၊ အာဆီယံကိုပို့ပေးလိမ့်မယ်၊ ဥရောပသမဂ္ဂကို ပို့ပေးပါမယ်။ ကုလသမဂ္ဂကို ပို့ပေးပါမယ်။ OIC လို့ခေါ်တဲ့ အစ္စလာမ်မစ်နိုင်ငံပေါင်းစုံ အဖွဲ့အစည်းကိုလည်း သူတို့ပို့ပေးပါမယ်။ တကမ္ဘာလုံးမှာရှိနေတဲ့နိုင်ငံအားလုံးကို အင်တာပိုလ်ကတဆင့် ဖမ်းဝရမ်းကိုရောက်သွားပါလိမ့်မယ်။ ဒီစစ်တပ်အနေနဲ့ ပြည်တွင်းမှာပဲ ထောင်ချခံရသလိုနေရပြီးတော့ ပြည်ပကိုထွက်ဖို့တော့ သူတို့အနေနဲ့ လုံးဝမလွယ်ပါဘူးဗျ” လို့ ပြောပါတယ်။

မြန်မာရိုဟင်ဂျာအဖွဲ့-ယူကေ BROUK က အာဂျင်တီးနားတရားရုံးမှာ ဒီအမှုကို စတင်တိုင်ကြားတုန်းက စစ်ခေါင်းဆောင်တွေကိုပဲ ဦးတည်ခဲ့ပေမဲ့ ၂၀၂၄ ဇွန်လတုန်းက အာဂျင်တီးနား အစိုးရရှေ့နေက ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုတဲ့စာရင်းမှာ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နာမည်ကိုပါ ထည့်သွင်းခဲ့တာကြောင့် ဝရမ်းထွက်လာချိန်မှာ နာမည်တွေ ပါလာခဲ့တာဖြစ်ပါတယ်။ 

မြန်မာရိုဟင်ဂျာအဖွဲ့-ယူကေ BROUK က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ရဲ့နာမည်တွေ ဖမ်းဝရမ်းစာရင်းမှာမထည့်ဖို့ တောင်းဆိုခဲ့ပေမဲ့ တရားရုံးက လက်မခံဘဲ စာရင်းထဲ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

ဦးထွန်းခင် (မြန်မာရိုဟင်ဂျာအဖွဲ့-ယူကေ BROUK) က “စစ်တပ်ကို ဦးတည်ပြီးတော့ ကျနော်တို့ လျှောက်လဲချက်တင်တယ်။ ဒါပေမဲ့ ဒီမှာတော့ တရားမျှတမှုဆိုတာ တာဝန်ရှိတဲ့သူက တာဝန်ခံဖို့ ပျက်ကွက်ခဲ့တယ်လို့ သူတို့မြင်တဲ့အတွက်ကြောင့် ဒေါ်စုနဲ့ဦးထင်ကျော်တို့ ပါလာတယ်လို့ ကျနော်တို့အနေနဲ့ ထင်ပါတယ်ဗျ။ တရားမျှတမှုရရှိဖို့အတွက် ကျနော်တို့ ရိုဟင်ဂျာအတွက် သက်သက်မဟုတ်ဘူး။ ကျနော်တို့နိုင်ငံမှာ နေ့စဉ်နဲ့အမျှ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အောက်မှာ ခံနေရတဲ့ လူတွေအားလုံးအတွက် တရားမျှတမှုရဖို့ကို ဦးတည်နေတဲ့လမ်းကြောင်းတခုပေါ်မှာ ကျနော်တို့ရှိတယ်” လို့ ပြောပါတယ်။

စစ်အာဏာမသိမ်းခင်မှာ ရိုဟင်ဂျာအရေးအတွက် OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက စွဲဆိုတဲ့အမှုကို နိုင်ငံတကာတရားရုံး (ICJ) မှာ မြန်မာစစ်တပ်ကိုယ်စား နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က အမှုရင်ဆိုင်ပေးခဲ့တာပါ။ အမှုအတွက် ရလဒ်တစုံတရာမထွက်လာခင်မှာဘဲ စစ်ကောင်စီက အာဏာသိမ်းခဲ့ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ပြီး ဖမ်းဆီးချုပ်နှောင်ခဲ့တာဖြစ်ပါတယ်။

Los Angeles Myanmar Movement အဖွဲ့မှ ဂျိမ်း(စ်)ရွှေက “ဒါက ဝရမ်းပဲရှိသေးတယ် ဆုံးဖြတ်ချက်ပေးတာမဟုတ်ဘူး သူတို့အပြစ်ရှိတယ်ဆိုပြီးတော့လေ။ တရားဆိုင်ပြီးတော့ ဖြေရှင်းရမှာလေ။ တရားရုံးမှာ ကိုယ်က အမှန်အတိုင်းပြောဖို့ အခွင့်ပိုရမယ်ဆိုတော့ နိုင်ငံတကာက ရှုပ်နေတဲ့ဥစ္စာတွေကို ရှင်းနိုင်ဖို့ အခွင့်အလမ်းရတာမျိုးဖြစ်အောင် ကိုယ်ကဖန်တီးပြီးတော့ အသုံးချနိုင်ရင်တော့ အကျိုးရှိမှာပေါ့နော်။ အခုချိန်မှာ အဲ့ဒါကိုစိတ်ဆိုးပြီးတော့ သွားတုံ့ပြန်နေလို့တော့ ဘာမှအကျိုးမရှိဘူးလို့ ယူဆတယ်ဗျာ” လို့ ပြောပါတယ်။

၂၀၂၄ နိုဝင်ဘာတုန်းက နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှာ စစ်ခေါင်းဆောင်ကိုဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုထားပြီး နိုင်ငံတကာတရားရုံး (ICJ) က အမှုကိုလည်း မြန်မာစစ်တပ်ဟာ ဆက်လက်ရင်ဆိုင်နေရတာပါ။ 

နိုင်ငံတကာတရားရုံးတွေရဲ့ စစ်ကောင်စီအပေါ် အာရုံစိုက်အရေးယူလာတာတွေဟာ ချက်ချင်းမှာ အကျိုးတစုံတရာ မဖြစ်လာရင်တောင် သံတမန်ရေးရာမျက်နှာစာမှာ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ အပြိုင်ကြိုးစားနေတဲ့ အစိုးရတရပ်အဖြစ် အသိအမှတ်ပြုခံရရေးမှာတော့ ကြီးမားတဲ့အကျိုးသက်ရောက်မှု ရှိလာမယ်လို့ လေ့လာသူတွေက မှတ်ချက်ပြုကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013