
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ရိုဟင်ဂျာတွေခိုးဝင်မှုတွေကြောင့် ၈ နှစ်ကြာ ပိတ်ပင်ထားတဲ့ နတ်မြစ်အတွင်းငါးဖမ်းခွင့်ကို ဘင်္ဂလားဒေ့ရှ်အစိုးရကပယ်ဖျက်ပြီး ပြန်လည်ခွင့်ပြုလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းမှာ ရေးပါတယ်။
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ နတ်မြစ် Shah Porir Dwip ကျွန်းကနေ တက္ကနဖ် ဆိပ်ခံတံတားအထိ ဘင်္ဂလားရေပိုင်နက်အတွင်းမှာ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ ငါးဖမ်းခွင့်ပြုလိုက်တာဖြစ်တယ်လို့ ရေးသားထားပါတယ်။
ကော့ဘဇားခရိုင်တရားရုံးက ငါးဖမ်ခွင့်ပြုချက်ညွှန်ကြားစာကို ကော့ဘဇားအုပ်ချုပ်ရေးရုံးကနေ တနက္ကဖ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး(UNO) ဆီကိုပေးပို့ထားပြီး ပထမ ၃ လအဖြစ် ခွင့်ပြုထားတာလို့ တက္ကနဖ်မြို့ အုပ်ချုပ်ရေးမှူး Sheikh Ehsan Uddin က ပြောပါတယ်။
“နတ်မြစ်အတွင်း ငါးဖမ်းခွင့်ကို မနက် ၈ နာရီကနေ ညနေ ၄ နာရီထိ ခွင့်ပြုလိုက်ပါပြီ။ ကနဦးခွင့်ပြုချက်အဖြစ် သက်တမ်းကို ၃ လ ခွင့်ပြုထားပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ ကမ်းခြေစောင့်တပ် အပါအဝင် သက်ဆိုင်ရာအာဏာပိုင်တွေကိုလည်း အသိပေးထားပါပြီ” လို့ သူက ပြောပါတယ်။
လက်ရှိခွင့်ပြုထားတဲ့ အစမ်း ၃ လ ကျော်လွန်သွားရင် နယ်စပ်အခြေအနေအပေါ်မူတည်ပြီး ဆက်လက် ခွင့်ပြုသင့် မသင့်ကို ပြန်လည်သုံးသပ်သွားမယ်လို့လည်း တရားရုံးရဲ့ခွင့်ပြုစာမှာ ဆိုထားပါတယ်။
၈ နှစ်ကြာ ငါးဖမ်းခွင့်ပိတ်ထားတာကို ပြန်ဖွင့်ပေးလိုက်တာဟာ ငါးဖမ်းသမားတွေအတွက် မင်္ဂလာပဲလို့ ငါးဖမ်းသမားတယောက်ဖြစ်တဲ့ Syed Alam က ပြောပါတယ်။
“၂၀၁၇ ခုနှစ်ကတည်းက ငါးဖမ်းခွင့်ပိတ်ပင်လိုက်တာဟာ ကျနော်တို့အတွက် ခက်ခဲမှု အများကြီး ဖြစ်စေခဲ့တယ်။ အခု မြစ်အတွင်း ငါးဖမ်းခွင့်ပြန်ဖွင့်တာက ကောင်းချီးတခုလိုခံစားရတယ်။ အစိုးရကို ကျေးဇူးတင်ပြီး တံငါသည်တွေ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ တရားမဝင်လုပ်ဆောင်တာတွေမှာ မပါဝင်အောင် ဆောင်ရွက်ပေးမယ်” လို့ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက်လာပြီးနောက် ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နေ့မှာ ငါးဖမ်းခွင့်ကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
အစိုးရက ငါးဖမ်းခွင့်ပိတ်ထားတာကို ပြန်လည်ခွင့်ပြုလိုက်တဲ့အတွက် ငါးဖမ်းသမားတွေ ဝမ်းသာနေကြပြီး တရားမဝင်လုပ်ရပ်တွေကိုတားမြစ်သွားမယ်လို့ နတ်မြစ် ငါးဖမ်းအသင်း ဥက္ကဋ္ဌ Mohammad Aman Ullah က ပြောပါတယ်။
ငါးဖမ်းသမားတွေဟာ ကမ်းခြေစောင့်တပ် စစ်ဆေးရာနေရာ ၅ ခုမှာ ငါးဖမ်းခွင့်လက်မှတ် ဒါမှမဟုတ် မှတ်ပုံတင်တွေပြသရမှာဖြစ်ပြီးတော့ ဘင်္ဂလားဒေ့ရှ်ရေပြင်ပိုင်နက်ကိုကျော်လွန်ပြီး ငါးမဖမ်းဖို့ကိုလည်း ညွှန်ကြားထားပါတယ်။
ရခိုင်နယ်စပ်မြို့ဖြစ်တဲ့ မောင်တောမြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါးဖမ်းသမားတွေဟာ ရခိုင်ရေပိုင်နက်ကို ကျူးကျော်ငါးဖမ်းတာကြောင့် မကြာခဏဆိုသလို AA က ဖမ်းဆီးမိနေတာပါ။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း နတ်မြစ်အတွင်း ရခိုင်ရေပိုင်နက်ကို ကျူးကျော်ဝင်ရောက် ငါးဖမ်းခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်သား ၁၀ ယောက်ကို AA က ဖမ်းဆီးထားတယ်လို့သိရပါတယ်။
Ref: Dhaka Tribune











