
နတ်မြစ်အတွင်း ငါးဖမ်းနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂ ယောက်ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြပါတယ်။
မေ ၁၂ ရက်က နတ်မြစ် ရှင်မဖြူကျွန်းအနီးမှာ ငါးဖမ်းနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လူငယ် ၂ ယောက်ကို AA တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ကြတာဖြစ်ပြီး ဒူးခေါင်းနဲ့ ခြေထောက်တို့မှာ ဒဏ်ရာရရှိခဲ့ကြတာလို့ သိရပါတယ်။
အဲဒီ ငါးဖမ်းသမား ၂ ယောက် ပစ်ခတ်ခံရမှုကို အတည်ပြုနိုင်ပြီး အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ တက္ကနပ်မြို့နယ် အုပ်ချုပ်ရေးမှူး ရှိတ်အာဆန်အူဒင်က ပြောပါတယ်။
“နတ်မြစ်အတွင်းမှာ ငါးဖမ်းနေတဲ့ လူငယ် ၂ ဦးကို အာရက္ခတပ်တော်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဟုတ်တယ်။ ဖြစ်စဉ်အသေးစိတ်ကတော့ စုံစမ်းနေဆဲ။”
ထိခိုက်ဒဏ်ရာရသူတွေဟာ အသက် ၁၆ နှစ်အရွယ် လူငယ်တယောက်နဲ့ ၁၇ နှစ်အရွယ် လူငယ်တယောက်တို့ ဖြစ်ကြပြီး ကော့ဘဇားဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေကြရတယ်လို့ သိရပါတယ်။
ဒါ့အပြင် မေ ၁၂ ရက်ကလည်း နတ်မြစ်အတွင်း ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၃ ယောက်ကို အာရက္ခတပ်တော်က ဖမ်းဆီးခဲ့ပြီး မေ ၁၃ ရက်မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က အာရက္ခတပ်တော်နဲ့ ဆက်သွယ်မှုပြုလုပ်ပြီးနောက် ပြန်လည်လွတ်မြောက် လာခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်က ငါးဖမ်းသမားတွေဟာ ရခိုင်ရေပိုင်နက်အတွင်းကို ကျူးကျော်ပြီး ငါးဖမ်းမှုတွေကြောင့် အာရက္ခတပ်တော်ရဲ့ ဖမ်းဆီးတာကို မကြခဏခံရပြီးနောက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) နဲ့ ဆက်သွယ်ကာ ပြန်လွှဲပေးမှုတွေလည်း ရှိပါတယ်။