
ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာအိမ်ရာဝန်းက တိုက်ခန်းတခုမှာ ဖေဖော်ဝါရီ ၁၅ ရက် ဒီနေ့မနက် ၁၀ နာရီကျော်လောက်က မီးလောင်ခဲ့ပြီး အသက် ၁၈ နှစ်အရွယ် ယောကျ်ားလေးတယောက် အခန်းတွင်းပိတ်မိသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သုမင်္ဂလာအိမ်ရာဝန်းထဲက တိုက်ခန်းတခုအတွင်း ဂက်စ်မီးခြစ်အပူလွန်ကဲရာကတဆင့် စက်သုံးဆီနဲ့ ဂက်စ်အိုးတွေကို မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
မီးလောင်မှုကိုမျက်မြင်တွေ့ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းဝင်တယောက်က “မီးခိုးတွေ ထွက်နေတာတွေ့လို့ အနီးအနားမှာရှိတဲ့ပတ်ဝန်းကျင်က လူတွေကြားအောင်အော်ဟစ် အကူအညီ တောင်းခဲ့တယ်။ အရင်ဆုံးတော့ အိမ်ရာဝန်းအနီးမှာရှိတဲ့ လူမှုရေးပရဟိတအသင်းက အဖွဲ့ဝင်တွေ မီးဝိုင်းငြှိမ်းသတ်တယ်။ မီးကနည်းနည်းများလာတာကြောင့် မီးကိုမထိန်းနိုင်ခဲ့ဘူး။ မီးစလောင်တာ ဂက်စ်မီးခြစ်အပူလွန်ကဲရာကတဆင့် စက်သုံးဆီနဲ့ ဂတ်စ်အိုးတွေကို မီးကူးစက်လောင်ကျွမ်းခဲ့တာ” လို့ DVB ကို ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားချိန် သုမင်္ဂလာအိမ်ရာဝန်းထဲမှာရှိတဲ့ လူမှုရေးပရဟိတအသင်းတခုနဲ့ အိမ်ရာဝန်းအနီးကသူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပေမဲ့ မီးတောက်ကပိုများလာတာကြောင့် သင်္ကန်းကျွန်းမြို့နယ်မီးသတ်တပ်ဖွဲ့က မီးသတ်ကားတွေရောက်လာပြီး ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
မီးလောင်တဲ့အကြောင်းရင်းနဲ့ ဖြစ်စဉ်ဆုံးရှုံးမှုအသေးစိတ်ကိုတော့ မသိရသေးဘဲ မီးလောင်မှုကြောင့် သေဆုံးသွားတဲ့လူငယ်ကို ပရဟိတလူမှုကူညီရေးအသင်းကားနဲ့ သင်္ဃန်းကျွန်းဆေးရုံဆီကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။