DVB Logo
Home
မြန်မာသတင်း
ဝက်လက်နှင့်မတ္တရာတွင် လက်နက်ကြီးကြောင့် အမျိုးသမီးငယ် ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
DVB
·
February 15, 2025
ဝက်လက်နှင့်မတ္တရာတွင် လက်နက်ကြီးကြောင့် အမျိုးသမီးငယ် ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးငယ် ၁ ယောက်သေ၊ ၁ ယောက်ဒဏ်ရာရပြီး မန္တလေးတိုင်း၊ မတ္တရာအရှေ့ခြမ်းက ဆိတ်သာရွာမှာလည်း စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမျိုးသမီး ၂ ယောက် ဒဏ်ရာရသွားပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ဝက်လက်မြို့နယ်မှာ အမျိုးသမီး ၁ ယောက်သေဆုံးခဲ့တယ်လို့  ဝက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။

“လှတောရဲစခန်းထဲမှာတပ်စွဲနေကြတဲ့ စစ်သားတွေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်က ကျီးကန် (တောင်) ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ တယောက်က နောက်စေ့ ဗုံးစမှန်ပြီး ဆုံးတယ်။ နောက်တယောက်ကတော့ ပေါင်ကိုမှန်လို့ ဆေးကုသမှုခံယူနေရတယ်။ သူက အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သေဆုံး ဒဏ်ရာရကြတဲ့ အမျိုးသမီးတွေဟာ အသက် ၂၀ ဝန်းကျင်ပဲ ရှိကြသေးတယ်လို့လည်း ဆိုပါတယ်။

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံတယောက်က “ကျီးကန် (တောင်) ရွာက အရင်နှစ်တွေဆီကတော့ စကစစစ်ကြောင်း မကြာခဏထိုးတတ်တယ်။ လေကြောင်း တိုက်ခိုက်တာတွေလည်း ရှိခဲ့တယ်။ အခုတလောကတော့ ဒီဘက်ခြမ်းစစ်ကြောင်းလည်းမရှိသလို တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ အခုပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက ၆၀ မမ လို့တော့ သိရပါတယ်ဗျ။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့ ကျီးကန် (တောင်) ကျေးရွာက လှတောရဲစခန်းနဲ့ဆိုရင် ၁ မိုင်လောက်ပဲ ဝေးပါတယ်” လို့ DVB ကို ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးငယ်ရဲ့နာရေးကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့ကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းက ဆိတ်သာရွာကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံအမျိုးသမီး ၂ ယောက် ဒဏ်ရာရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “မတ္တရာမြို့ကနေ လက်နက်ကြီးနဲ့ နေ့တိုင်းလိုလို အရပ်သားတွေနေတဲ့ရွာကို ပစ်ခတ်နေတာပဲဗျ။ ကျနော်တို့ရွာကိုတော့ မနေ့ကပစ်လို့ ရွာရဲ့အနောက်ပိုင်းကိုကျတယ်ဗျ။ အဲလိုကျလို့ အသက် ၂၀ ကျော် မမာမာဝင်း မစိုးရိမ်ရဒဏ်ရာ၊ အသက် ၄၀ ကျော် မနှင်းကတော့ စိုးရိမ်ရတယ်။ မနှင်းကိုတော့ ဆေးရုံမှာဆေးကုသမှုခံယူနေပါတယ်” လို့ ပြောပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ ဖုန်းလိုင်းနဲ့ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတာကြောင့် သတင်းအချက်အလက်တွေမရဘူးဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “မနေ့က ဆိတ်သာအပြင် ကျွဲကျရွာဘက်ကိုလည်း လက်နက်ကြီးကျတယ်ဗျ။ အဲရွာကတော့ ကွမ်းခုံ ၇ ခန်း လောက် ပျက်စီးတယ်။ လူထိခိုက်မှုတော့မရှိခဲ့ဘူးဗျ။ ဒီကောင်တွေကတော့ဗျာ သူတို့ထင်တိုင်း လုပ်နေကြတာဗျ။ မနေ့က ၁၀ နာရီထိုးကနေစတင်ပြီး မြောင်းသစ်ရွာဘက်ကိုလည်း ၇ လုံးလောက်ထုတယ်ဗျ” လို့ ပြောပါတယ်။

မတ္တရာမြို့နယ်အတွင်းမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ပြည်သူတွေ သေဆုံးတာလည်းရှိလို့ နေရပ်စွန့်ခွာသူတွေလည်း တနေ့တခြားများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်းက အိမ်ခြေ ၁၅၀ ကျော်ရှိတဲ့ ရွာသစ်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ကြတာကြောင့် အိမ် ၁၃၀ ကျော် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013