
ဂျပန်အထက်တန်းကျောင်းသားတယောက်ကို အွန်လိုင်းဂိမ်းတွေကနေဆက်သွယ်ပြီး လိမ်လည် ဖျားယောင်းခေါ်ဆောင်ကာ ထိုင်း-မြန်မာနိုင်ငံနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းမှာ ခိုင်းစေခဲ့တယ်လို့ သံသယရှိတဲ့ ဂျပန်အမျိုးသားတယောက်ကို ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၃ ရက်က ဖမ်းဆီးလိုက်ပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်လူမျိုး တိုမိုမီ ဖူဂျီနုမဟာ အသက် ၁၇ နှစ် အရွယ် ဂျပန်အထက်တန်းကျောင်းသားတယောက်ကို အွန်လိုင်းဂိမ်းကနေတဆင့် ဆက်သွယ်တွေ့ဆုံကာ အဆိုပါ အထက်တန်းကျောင်းသားလေးကို ခရီးထွက်ဖို့ စီစဉ်စေပြီး ထိုင်းနိုင်ငံမှတဆင့်အိမ်နီးချင်း မြန်မာနိုင်ငံကို ခေါ်ဆောင်သွားခဲ့တယ်လို့ သံသယရှိခံထားရသူ ဖြစ်ပါတယ်။
ဒီနောက် မြန်မာနိုင်ငံရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ ဂျပန်ကျောင်းသားလေးကို အတင်းအကျပ် ခိုင်းစေခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ယုံကြည်နေပါတယ်။
ဂျပန်ကျောင်းသားလေးကို ဆက်သွယ်လို့မရလို့ သူ့ရဲ့ မိဘတွေက ဒေသခံ ဂျပန်သံရုံးနဲ့ တခြားအဖွဲ့အစည်းတွေထံ ဆက်သွယ်စုံစမ်းရှာဖွေခဲ့ပြီးနောက် ပြီးခဲ့တဲ့လက ဂျပန်နိုင်ငံကို ဘေးကင်းစွာ ပြန်လည်ခေါ်ယူနိုင်ခဲ့ပါတယ်။
လတ်တလော ထိုင်းအာဏာပိုင်ဖမ်းဆီးထားတဲ့ ဂျပန်အမျိုးသား တိုမိုမီ ဖူဂျီနုမဟာ ဂျပန်နိုင်ငံမှာလည်း စွဲချက်တွေနဲ့ရင်ဆိုင်နေရပြီး ဂျပန်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ ဖြစ်ပါတယ်။
ဖေဖေါ်ဝါရီ ၇ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်လုပ်ငန်းနဲ့ ဆက်နွှယ်တဲ့ သံသယနဲ့ ဂျပန်လူမျိုး ၄ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။
ဒါ့အပြင် နောက်ထပ် ဂျပန်နိုင်ငံသား အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ဟာလည်း ကျားဖြန့်လုပ်ငန်းမှာ ဖမ်းဆီးခိုင်းစေခံထားရတယ်လို့ လူကုန်ကူးခံရသူတွေအရေး ကူညီဆောင်ရွက်နေတဲ့ ထိုင်းအရပ်ဖက်အဖွဲ့အစည်းတခုက ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။