
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့မှာ ရေကြီးရေလျှံမှုကြောင့် ရေဝင်နစ်မြုပ်နေတဲ့ အိမ်တွေက ဒေသခံတွေကို အရေးပေါ် ပြောင်းရွှေ့ခဲ့တယ်လို့ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုဒဏ်ကြောင့် သြဂုတ် ၃၁ ရက် ညနေပိုင်းကစတင်ပြီး ဒါးက မြစ်ရေ မြင့်တက်ဝင်ရောက်လာပြီး ကျောင်းကုန်းမြို့နယ်ထဲကအမှတ် ၁ ရပ်ကွက်နဲ့ သဲကုန်းကျေးရွာက ဒေသခံတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ်ပြောင်းရွှေ့ ခဲ့တာလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးသူက “အခု ပြောင်းရွှေ့ရတဲ့ နေရာတွေက ပြီးခဲ့တဲ့ ရက်က ရေမဝင်လို့ မပြောင်းဘဲ နေနေတဲ့နေရာတွေပါ။ အခုကနေအိမ်အောက်ထပ်အထိ ရေဝင် နစ်မြုပ်လာမို့ အရေးပေါ်ပြောင်း ရွှေ့ခဲ့ကြတာ” လို့ ပြောပါတယ်။
ရေဘေးသင့် ဒေသခံတွေကို ကျောင်းကုန်းမြို့နယ်ထဲမှာ ယာယီဖွင့်ထားတဲ့ ဥယျာဉ်ကြီးကျောင်း၊ ရတနာပုံရပ်သာကျောင်း၊ မြို့ဆိန်ကျောင်း၊ ဆုတောင်းပြည့်ကျောင်းစတဲ့ ရေဘေးရှောင်စခန်းတွေကို ပြောင်းရွှေ့ခဲ့ကြတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က ''နေလို့ရသလောက် နေနေတာ။ မရလို့ ပြောင်းရွှေ့ရတာ။ ရေတက်လာတဲ့ အရှိန်က အရမ်းပြင်းတယ်။ ချက်ချင်းဆိုသလို အိမ်အောက်အထိ ရေတွေမြုပ်ကုန်တာ။ လူတွေ ဘာမှ မဖြစ်ပါဘူး” လို့ ပြောပါတယ်။
ရေနစ်မြုပ်နေအိမ်တွေထဲက ဒေသခံတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက စက်လှေတွေအသုံးပြုကာ အရေးပေါ်ပြောင်း ရွှေ့ပေးခဲ့ကြတာလို့ သိရပါတယ်။
ကျောင်းကုန်းမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် သြဂုတ် ဒုတိယအပတ်ကနေ စက်တင်ဘာ ၁ ရက်အထိ အမှတ် ၁ ရပ်ကွက်အပါအဝင် ရပ်ကွက် ၅ ခု၊ မကျီးပင်ကွင်းကျေးရွာ အုပ်စုအပါအဝင် ကျေးရွာအုပ်စု ၅ ခု၊ ကျေးရွာခွဲ ၁၇ ရွာမှာ နေအိမ်တွေ ရေဝင်နစ်မြုပ်နေတယ်လို့ သိရပါတယ်။
ရေဘေးသင့် အိမ်ထောင်စု ၁,၁၀၀ လောက်က ဒေသခံပြည်သူအယောက် ၄,၀၀၀ လောက်ဟာ ယာယီ ရေဘေးရှောင်စခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေရဆဲလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။











