
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသဘက်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ကချင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြစ်ဆုံဒေသ တန်ဖရဲကျေးရွာမှာ စစ်ကောင်စီတပ်အင်အား အများအပြားဝင်ရောက်လာပြီး အင်ခိုင်ဘွမ့်တောင်ခြေ တောလမ်းကတဆင့် ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို ဦးတည် စစ်ကြောင်းထိုးနေတဲ့အပြင် လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
မြစ်ဆုံအထက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က တန်ဖရဲကျေးရွာ ဘုရားကျောင်းဝင်း အပါအဝင် နေရာအနှံ့မှာ တပ်ချပြီး စစ်ရေးပြင်ဆင်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“တန်ဖရဲရွာ KBC ဝင်းထဲမှာ စစ်ကားတွေအပြည့်ပဲ။ အင်အား ၁,၀၀၀ လောက် ရှိမယ်ထင်တယ်။ ကတုတ်ကျင်းတွေလည်း တူးထားကြတယ်။ ဗျူဟာမှူး ကိုယ်တိုင် ထိုင်တယ်လို့လည်း ပြောကြတယ်။ စစ်တပ်က အထက်ဘက်ကို တက်ဖို့ ကြိုးစားနေတာ။ ရွာအထက်ဘက် တောင်ဘက်လို့ ပြောရမယ်၊ အဲ့ဘက် တိုက်ပွဲဖြစ်တာတော့ ကြားလိုက်တယ်။ သူတို့က အရင်လို ကားလမ်းအတိုင်း မသွားတော့ဘူး။ တောလမ်းတွေက တက်လာတာ။ KIA က ကြားဖြတ်တိုက်ခိုက်နေတယ်လို့လည်း သိရတယ်။ စစ်ဖြစ်တော့မှာ ထင်တယ်။”
မြစ်ကြီးနားမြို့နယ်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်ကြားက စစ်ကောင်စီတပ်စွဲနေရာယူထားတဲ့ တန်ဖရဲကျေးရွာရဲ့ အထက်ဘက်က ကျေးရွာတွေကိုတော့ KIA က သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
KIA တပ်မဟာ ၁ နယ်မြေ ဆွမ်ပရာဘွမ်လမ်းပိုင်းက ဂွေထော်နဲ့ ဝေရှီးကြားမှာ ဖေဖော်ဝါရီ ၁၂ ရက်က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် KIA ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်က ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး မြစ်ဆုံအထက်ဘက်ကို အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဝေရှီကျေးရွာအနီး မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ပြုလုပ်နေတာကြောင့် ဒေသခံအချို့ နီးစပ်ရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၃ ရက်က စတင်ပြီး စစ်ကောင်စီတပ်တွေဟာ မြစ်ဆုံအထက်ဘက်ကို စစ်အင်အားဖြည့်လာတာဖြစ်ပြီး အဲဒီစစ်ကြောင်းကို လေကြောင်းကတဆင့် လုံခြုံရေးယူပေးတာ၊ ဗုံးကြဲတာတွေအပြင် လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ကချင်ပြည်နယ်ထဲက တိုက်ပွဲမဖြစ်တဲ့ လူနေကျေးရွာတွေကို ဦးတည်ပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာပါ။
KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ မုန်းဆိုင်ယန်၊ မြစ်ကြီးနား–ဆွမ်ပရာဘွမ် လမ်းပေါ်ရှိ ဝေရှီကျေးရွာ၊ အင်ဂျန့်ယန်လမ်းပေါ်က တန်ဘောင်ယန်ကျေးရွာ၊ လန်ဆယ်ကျေးရွာ၊ ဆဒုံးမြို့အနီး ယင်းဖြူ့ကျေးရွာနဲ့ ဝိုင်းမော်မြို့အနီးတဝိုက် နေရာတွေမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဖေဖော်ဝါရီ ၇ ရက်က လက်ရှိ KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာမှာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းဆောင်နဲ့ နေအိမ်အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ လန်ဆယ်ဒေသခံတွေ ဆီကနေ သိရပါတယ်။
အဲဒီတရက်တည်းမှာပဲ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အထက် ယင်းဖြူ့မှာ စစ်ကောင်စီက ၃ ကြိမ်ခန့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဆဒုံးမြို့ စာသင်ကျောင်းအနီးမှာ ဗုံးတလုံး မပေါက်ကွဲဘဲ ကျန်ရှိနေခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
“ဂျက်ဖိုက်တာလေယာဉ်နဲ့ ဟုတ်တယ် ညနေပိုင်း။ ဆဒုံးရွာထဲနဲ့တော့ သိပ်မနီးဘူး ပစ်တာက။ ၃ ကြိမ်တောင်မှ လာတယ်။ တလုံးက မပေါက်ကွဲဘဲ မြို့စာသင်ကျောင်းအနီးမှာ ကျန်နေတာ။ လူထိခိုက်တာတော့ မရှိပါဘူး။ ဒါပေမဲ့ စိုးရိမ်တာပေါ့။”
ဖေဖော်ဝါရီ ၄ ရက်ကလည်း မြစ်ဆုံအထက် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ တယန်ဇွပ်၊ ဝေရှီ စတဲ့ နေရာတွေမှာ ၃ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၂ ယောက် သေဆုံးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက် ညမှာလည်း ဝိုင်းမော်မြို့နယ်ထဲမှာ KIA ပူးပေါင်းတပ်တွေ ရှိတယ်လို့ ယူဆလို့ရတဲ့ နေရာဘက်ကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဝိုင်းမော်ဒေသခံတွေက ပြောပါတယ်။
နှစ်လကျော်ကြာ မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့တခုလုံးအတွက် အရေးပါတဲ့ တပ်ရင်းတချို့ကို လက်လွှတ်လိုက်ရသလို စစ်ဆင်ရေးကွပ်ကဲဌာနချုပ် စကခ ၂၁ တပ်ရင်းလည်း ဝိုင်းရံပိတ်ဆို့ခံရနေရတာကြောင့် တဖက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။
ဟန်န