
ရုရှားဒရုန်း ၂ စင်းဟာ မော်လ်ဒိုဗာလေပိုင်နက်ကို ချိုးဖောက်ပြီး မော်လ်ဒိုဗာ ပိုင်နက်ထဲမှာ ပေါက်ကွဲခဲ့ကြောင်း မော်လ်ဒိုဗာက ဖေဖော်ဝါရီ ၁၃ ရက်မှာ ပြောကြားခဲ့ပြီး NATO အဖွဲ့ဝင် ရိုမေးနီးယားကလည်း သူ့နိုင်ငံရဲ့ လေပိုင်နက်ကိုလည်း ဖောက်ဖျက်ခဲ့ဖွယ်ရှိကြောင်း ပြောကြားပါတယ်။
ဒါနုဘ်မြစ်ပေါ်မှာ တည်ရှိပြီး ရိုမေးနီးယားနဲ့ မော်လ်ဒိုဗာတို့နဲ့ ထိစပ်နေတဲ့ ယူကရိန်းနိုင်ငံ အိုဒက်ဆာဒေသရှိ အိုင်ဇ်မေးလ်ခရိုင်မှာ မော်စကိုက ဒရုန်းအစင်း ၁၄၀ နဲ့ ညလုံးပေါက် တိုက်ခိုက်ခဲ့ရာ လူတယောက် ဒဏ်ရာရရှိခဲ့ကြောင်း ကိယက်ဗ်က ထုတ်ပြန်ထားပါတယ်။
မော်လ်ဒိုဗာသမ္မတ မိုင်ယာ ဆန်ဒူက ရုရှားဒရုန်း ၂ စင်းဟာ မော်လ်ဒိုဗာလေပိုင်နက်ကို ချိုးဖောက်ပြီးတော့ သူ့ပိုင်နက်ထဲမှာ ပေါက်ကွဲခဲ့တာကြောင့် မော်လ်ဒိုဗာပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ကျရောက်စေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
မော်လ်ဒိုဗာ နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရုရှားသံအမတ်ကို ဆင့်ခေါ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး မီဟိုင်း ပေါ့ပ်ဆွိုင်က ပြောပါတယ်။
ရိုမေးနီးယားနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဒရုန်း ၂ စင်းဟာ ရိုမေးနီးယားရဲ့ ဝေဟင်ပိုင်နက်ကို ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ဖွယ်ရှိကြောင်း ပြောဆိုပါတယ်။
ဒရုန်းပျက်ကျနိုင်ဖွယ်ရှိတဲ့နေရာကို စုံစမ်း ထောက်လှမ်းခဲ့ပြီး ရှာဖွေရေးတွေ ပြုလုပ်ခဲ့ကြောင်းလည်း ဆိုပါတယ်။
ယူကရိန်းလေတပ်က ဒရုန်းအစင်း ၁၄၀ ထဲက ၈၅ စင်းကို ပစ်ချခဲ့ကြောင်း ပြောကြားခဲ့ပြီး ၅၂ စင်း ကတော့ အီလက်ထရွန်နစ် တန်ပြန်မှုတွေကြောင့် သူတို့ရဲ့ ပစ်မှတ်တွေကို မရောက်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
ရုရှားဟာ ယူကရိန်းရှိ အရပ်သားတွေနဲ့ အရပ်သား အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
Source : Reuters











