
အမေရိကန်ပြည်ထောင်စုဟာ အိန္ဒိယနိုင်ငံကို ၂၀၂၅ ခုနှစ်ကစတင်ပြီး ဒေါ်လာဘီလီယံပေါင်း များစွာနဲ့ စစ်ရေးရောင်းချမှုတွေကို တိုးမြှင့်သွားမှာဖြစ်ပြီး နောက်ဆုံးမှာ F-35 ကိုယ်ပျောက် တိုက်လေယာဉ်တွေကို ပေးပို့သွားဖို့ လမ်းဖောက်နေပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဖေဖော်ဝါရီ ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဝါရှင်တန်ကို ရောက်ရှိနေတဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီနဲ့ တွေ့ဆုံအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်ပ်က ပြောသွားတာပါ။
အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ အခွန်လျှော့ပေါ့ပေးဖို့အကြောင်း ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပြီး အမေရိကန်ရဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ တိုက်လေယာဉ်တွေ ပိုမိုဝယ်ယူဖို့အပြင် ကုန်သွယ်ရေး စစ်ပွဲကို ဟန့်တားနိုင်မယ့် လိုက်လျောမှုတွေအကြောင်း အိမ်ဖြူတော်မှာ ဆွေးနွေးခဲ့တယ်လို့ ထရမ့်ပ်က ဖေဖော်ဝါရီ ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးလိုငွေပြမှုကို လျှော့ချဖို့ အမေရိကန်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို အိန္ဒိယက ပိုမိုတင်သွင်းရေးအချက် ပါဝင်တဲ့ သဘောတူညီချက် တရပ်ကို ဖေဖော်ဝါရီ ၁၃ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
“ဒီနေ့ ဝန်ကြီးချုပ်နဲ့တွေ့ဆုံပွဲမှာ အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနဲ့ ဂျပန်တို့ကြား ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ထပ်လောင်းအတည်ပြုခဲ့ပြီးတော့ အင်ဒို-ပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို ထိန်းသိမ်းထားဖို့က တကယ့်ကို အရေးကြီးပါတယ်” လို့လည်း ဆိုပါတယ်။
၀ါရှင်တန်နဲ့ နယူးဒေလီတို့ဟာ အစွန်းရောက် အစ္စလာမ္မစ် အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ဖို့လည်း အတူတကွ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။
အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒြာမိုဒီကလည်း အမေရိကန်နဲ့ အိန္ဒိယတို့ဟာ ၂၀၃၀ ခုနှစ်မှာ ၂ နိုင်ငံ ကုန်သွယ်မှုကို ဒေါ်လာ ၅၀၀ ဘီလီယံထိ ရရှိအောင် ၂ ဆတိုးစေဖို့ ရည်မှန်းထားပြီး မကြာခင်မှာ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ကုန်သွယ်မှုသဘောတူညီချက်တရပ်ကို နိဂုံးချုပ်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
ခေါင်းဆောင် ၂ ယောက်တို့ဟာ ၂၀၀၈ ခုနှစ် မွမ်ဘိုင်းတိုက်ခိုက်မှုကို ကြံစည်မှုနဲ့ စွဲချက်တင်ခံထားရသူ တယောက်ကိုလည်း အိန္ဒိယကို လွှဲပြောင်းပေးရေး ပြောဆိုခဲ့ကြပါတယ်။
အမေရိကန်နဲ့ အိန္ဒိယ တာဝန်ရှိသူတွေဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးမှုမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အခုနှစ်မှာ သဘောတူညီချက်ရရှိဖို့ မျှော်လင့်ထားကြောင်း ထရမ့်ပ် အစိုးရအဖွဲ့ အုပ်ချုပ်ရေးအရာရှိတယောက်က သတင်းထောက်တွေကို အစောပိုင်းမှာ ပြောထားပါတယ်။
Source : Reuters