
မြန်မာနိုင်ငံကနေ သဘာဝဓာတ်ငွေ့ကို ပိုက်လိုင်းနဲ့တဆင့် သွယ်တန်း တင်သွင်းဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ် လျှပ်စစ်၊ စွမ်းအင်နှင့် သတ္တုသယံဇာတ ဝန်ကြီးနဲ့ မြန်မာစစ်အာဏာရှင်ခန့် သံအမတ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက်သတင်းဌာနတွေက ရေးပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သဘာဝဓာတ်ငွေ့ ပြည်တွင်းလိုအပ်ချက် မြင့်မားနေတာကြောင့် ဘင်္ဂလားဒေ့ရှ် လျှပ်စစ်၊ စွမ်းအင်နဲ့ သတ္တုသယံဇာတဝန်ကြီး အစ်က်ဘယ်လ် ဟာဆန် မာမွတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စိုးမိုး ဩဂုတ် ၂ ရက်က တွေ့ဆုံကြစဉ်မှာ ဆွေးနွေးခဲ့ကြတာလို့ သတင်းတွေက ဆိုပါတယ်။
မြန်မာဘက်က သဘာဝဓာတ်ငွေ တင်းသွင်းမှုဟာ နှစ်နိုင်ငံ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ပိုပိုခိုင်မာစေဖို့အတွက် တစိတ်တပိုင်အနေနဲ့ မျှော်လင့်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးက စစ်အာဏာရှင်ခန့် သံအမတ်ကို ပြောပါတယ်။
မြန်မာနိုင်ငံဘက်ကလည်း ဘင်္ဂလားဒေ့ရှ်ရဲ့ ကမ်းလှမ်းမှုကို ကြိုဆိုခဲ့ပြီး သဘာဝဓာတ်ငွေ့အရည်(LGD)ကို တင်သွင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ပိုက်လိုင်းကိုလည်း မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းကို သွယ်တန်းနိုင်ဖို့ မျှော်မှန်းထားကြပြီး ၂ နိုင်ငံအကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းမြှင့်တင်နိုင်ဖို့အတွက်လည်း ၂ နိုင်ငံ ဝန်ကြီးတွေ တွေ့ဆုံဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒါအပြင် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်ခန့် စွမ်းအင်ဝန်ကြီးကိုလည်း ဘင်္ဂလားဒေ့ရှ်သို့ တရားဝင် ဖိတ်ခေါ်သွားမှာဖြစ်သလို လိုအပ်လာပါက သူကိုယ်တိုင် မြန်မာနိုင်ငံသို့ သွားရောက်မယ်လို့ ဘင်္ဂလားဒေ့ရှ် လျှပ်စစ်၊ စွမ်းအင်နဲ့ သတ္တုသယံဇာတဝန်ကြီး အစ်က်ဘယ်လ် ဟာဆန် မာမွတ်က စစ်အာဏာရှင်သမ္မတနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ကြားတာပါ။
အခု ဘင်္ဂလားဒေ့ရှ်-မြန်မာ သဘာဝပိုက်လိုင်းဟာ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စင်္ကြံလမ်း တည်ဆောက်မှုအပေါ်မှာလည်း အဓိကအထောက်အကူပြုတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ပြောပါတယ်။
ဒါအပြင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့အကြား ရေရှည်ကုန်သွယ်ရေး ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့နဲ့ စွမ်းအင်ပူးပေါင်းမှု တိုးချဲ့ရေးတို့အတွက် ဆွေးနွေးခဲ့ကြသလို အခုဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်ဘက်က “အိမ်နီးချင်း ဦးစားပေး” မူဝါဒကို တိုးမြှင့်ဖို့အတွက် အလွန်အလေးထား ဆောင်ရွက်ဖို့ကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လက်ရှိဝန်ကြီးချုပ် တာရစ် ရာဟ်မန် က ပြောကြားထားကြောင့် စွမ်အင်ဝန်ကြီး အစ်က်ဘယ်လ် ဟာဆန် မာမွတ် က ပြောပါတယ်။
အခု တွေ့ဆုံဆွေးနွေးမှုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လျှပ်စစ်၊ စွမ်းအင်နဲ့ သတ္တုသယံဇာတ ဒုဝန်ကြီး ဒုဝန်ကြီး အာနင်ဒါ အစ္စလာမ်အာမစ်၊ စွမ်းအင်အတွင်းရေးမှူး မိုဟာမက် ဆိုင်ဖူလ် အစ္စလာမ်နဲ့ လျှပ်စစ်ဌာန အတွင်းရေးမှူး မီရာနာ မာရုခ်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
လက်ရှိမှာ မြန်မာဘက်က ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျောက်လုံးကို အာရက္ခတပ်တော်က ထိန်းချုပ်ထားတာကြောင့် ပိုက်လိုင်းသွယ်တန်းပြီး သဘာဝဓာတ်ငွေ့ တင်သွင်းဖို့ ကြိုးပမ်းမှုဟာ အာရက္ခတပ်တော်ရဲ့ ခွင့်ပြုချက်ရရှိဖို့ လိုအပ်တယ်လို့ ရခိုင်နိုင်ငံရေးအကဲခတ် တချို့က ပြောပါတယ်။
Ref: Daily Sun










