DVB Logo
Home
မြန်မာသတင်း
ကျားဖြန့်မှာ စေခိုင်းခံရသူတွေကို ဘယ်သူတွေက ညှဉ်းပန်းနှိပ်စက်နေတာလဲ
DVB
·
February 13, 2025
ကျားဖြန့်မှာ စေခိုင်းခံရသူတွေကို ဘယ်သူတွေက ညှဉ်းပန်းနှိပ်စက်နေတာလဲ
1 / 13
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နဲ့ ကျောက်ခက်ဒေသက  ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းကနေ ပြန်လည်စေလွှတ်နေသူတွေထဲမှာ နှစ်ပြည့်လို့ ပြန်လာသူတွေများပြီး အမှန်တကယ် လူကုန်းကူးခံရပြီး နှိပ်စက်ခံနေရသူတွေ ရှိနေတယ်လို့ ကျားဖြန့်လုပ်ငန်းမှာ လုပ်ကိုင်ခဲ့တဲ့သူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်က ဖိလစ်ပိုင်၊ ကင်ညာ၊ တရုတ်၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ နိုင်ဂျီးရီးယား၊ မလေးရှား၊ နီပေါ၊ အင်ဒိုနီးရှား အပါအဝင် နိုင်ငံပေါင်း ၂ဝ က နိုင်ငံခြားသား ၂၆၁ ယောက်ကို ထိုင်းအာဏာပိုင်တွေဆီ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) လွှဲပြောင်းပေးခဲ့ပါတယ်။

လွှဲပြောင်းပေးခဲ့သူတွေထဲမှာ အမှန်တကယ် လူကုန်းကူးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့  အိန္ဒိယနိုင်ငံသားနဲ့ တရုတ်နိုင်ငံသားအများစု မပါဝင်ဘူးလို့ ကျားဖြန့်လုပ်ငန်းမှာ လုပ်ကိုင်ခဲ့ဖူးသူတွေက ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းမှာ လုပ်ကိုင်ခဲ့သူတယောက်က “အခုပြန်တဲ့သူတွေ နှစ်ပြည့်တွေ။ ကိုယ်တိုင်လာလုပ်တဲ့သူတွေ ရှိတယ်။ အဲဒီထဲမှာ ရောင်းစားခံရတဲ့သူတွေက နှိပ်စက်ခံရတာ။  နှစ်ပြည့်တဲ့သူတွေကျတော့ ဖော်ရှိုးအနေနဲ့ ပြန်လွတ်တာ။  အဓိက ရောင်းစားခံရတာက အိန္ဒိယလူမျိုးတွေနဲ့ တရုတ်လူမျိုးတွေ။ တရုတ်တော်တော်များများရှိတယ်။ အခု ပြန်တဲ့သူတွေထဲမှာ တရုတ်နိုင်ငံသား နည်းတယ်။ အမှန်တကယ် ရောင်းစားခံရတာ တရုတ်နိုင်ငံသား တော်တော်များများ ပါတယ်။  တရုတ်ဆိုဒ်မှာ လူပေါင်းထောင်ချီ ရှိတယ်။ နှိပ်စက်တာကျတော့ ကျဉ်စက်နဲ့ တို့တယ်။ တခါတလေကျရင် ကွန်ပျူတာရှေ့မှာတင် သူတို့ထိုင်တဲ့ခုံနဲ့ ရိုက်တယ်။ ကျနော်တို့က မြင်ဖူးတယ်။ နှိပ်စက်ခံရတဲ့သူ တချို့ကျတော့  ခြေကျိုး လက်ကျိုးတွေနဲ့ ထမင်းစားတာတောင်မှ ခြေကျိုး လက်ကျိုးတွေနဲ့ စားနေရတာ။ လမ်းလျှောက်တာတောင် ခြေထောက်က မလှုပ်နိုင်ဘူး။ ပြီးတော့ သူတို့က အပြစ်ပေးတာ နေပူလှန်းတယ်။  နေပူထဲမှာ အကြာကြီး လျှောက်ပြေးခိုင်းတယ်။ သူတို့ နှိပ်စက်လို့ ဝသွားပြီးဆိုမှ အချုပ်ထဲ ထည့်တာ။”

ဒါအပြင်  ညှဉ်းပန်းနှိပ်စက်ခံရပြီး ဒဏ်ရာရသူတွေဟာ အလုပ်မဖြစ်မနေ ဆင်းရပြီး မဆင်းနိုင်ရင် ထပ်မံနှိပ်စက်ခံရတဲ့အပြင် တိုက်ပိတ်ခံရတာတွေရှိတဲ့အပြင် ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသူတွေလည်း ရှိတယ်လို့ ကျားဖြန့်လုပ်ငန်းမှာ လုပ်ကိုင်ခဲ့သူတွေက ပြောပါတယ်။ ကျားဖြန့်လုပ်ငန်းမှာ ကိုယ်ထိလက်ရောက် ကျူးလွန်သူတွေကို အရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး စောရွှေဝ က ပြောပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောရွှေဝက   “ညှဉ်းပန်းနှိပ်စက်ခံနေရသူတွေ ရှိတယ်။ သွားတွေ့တယ်။ ပတ်စ်ပို့ စစ်ဆေးတဲ့အချိန်မှာ ဒဏ်ရာ လက်ရော ပေါင်ကော တွေ့တယ်။ စိတ်လည်းမကောင်းဘူးလေ။ သူများကို နှိပ်စက်တာ မကောင်းဘူး။ ကိုယ်ထိလက်ရောက် ကျူးလွန်နှိပ်စက်သူတွေကို မတွေ့သေးဘူး။ နောက်ပိုင်းမှာ အရေးယူတာတွေ လုပ်တော့လုပ်ရမယ်။ မလုပ်လို့ မဖြစ်ဘူးလေ။ ပြန်တော့ ပို့မယ်။ လုပ်ရမယ်။ အရေးမယူလည်း ပြန်ပို့မယ်” လို့ ပြောပါတယ်။

ဒါအပြင် ဖေဖော်ဝါရီ ၁၂ ရက်နေ့က နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့အနေနဲ့  ကျားဖြန့် မှောင်ခိုပပျောက်နှိမ်နင်းရေး အထူးအဖွဲ့ကို အဖွဲ့ ၄ ဖွဲ့နဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ကျားဖြန့်နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး အခုလုပ်ဆောင်နေတာတွေဟာ ထိုင်းနိုင်ငံရဲ့ ဖိအားကြောင့် လုပ်ဆောင်နေတာ မဟုတ်ဘဲ  နဂိုမူလ ပလန်ရှိထားပြီးဖြစ်လို့ လုပ်စရာရှိတာ ဆက်လုပ်သွားမှာပဲလို့ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။

“လက်ရှိအခြေအနေအရ ကျနော်တို့က  အခုလုပ်ဆောင်နေတာက  ထိုင်းနိုင်ငံရဲ့ ဖိအားကြောင့် လုပ်နေတာ မဟုတ်ဘူး။ နဂိုကတည်းက ဒီကိစ္စတွေဖြစ်ပေါ်လာတဲ့အပေါ်မှာ ကျနော်တို့က ရှင်းလင်းဖို့တို့ လုပ်ဖို့ဆိုတာ နဂိုတည်းက ရှိပြီးသား။”

တဖက်မှာလည်း မြန်မာနိုင်ငံမှာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေဖြစ်တဲ့ အွန်လိုင်း ငွေကြေးလိမ်လည်မှု‌ ကျားဖြန့်လုပ်ငန်းတွေ ပိုများလာရတဲ့ အဓိကတရားခံဟာ စစ်ကောင်စီ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ သုံးသပ်ချက်တွေ ရှိထားပါတယ်။ 

မြန်မာဘက်က ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေမှာ ပိတ်မိနေသူတွေကို ထိုင်းနိုင်ငံဆီ လွှဲပြောင်းဖို့ စီစဉ်နေပေမဲ့ သက်ဆိုင်ရာနိုင်ငံတွေက လက်မခံရင် ထိုင်းကလည်း မြန်မာကနေ ပြန်ပို့တာကို လက်ခံမှာ မဟုတ်ဘူးလို့ ထိုင်းဒုတိယဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။ 

မြ၀တီ ကျားဖြန့်လုပ်ငန်းတွေနဲ့ လူမှောင်ခိုကူးပြီး အဓမ္မခိုင်းစေရာမှာ မြ၀တီမြို့ကို ထိန်းချုပ်ထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ၃ ယောက်ကို ဖမ်း၀ရမ်းထုတ်ဖို့ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ကို သက်သေတွေနဲ့ အချက်အလက်များ တင်ပြထားပေမဲ့ ၀ရမ်းထုတ်ဖို့ သက်သေမလုံလောက်သေးကြောင်း DSI ဘက်က ဆုံးဖြတ်ထားပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013