DVB Logo
Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ် ဆန္ဒပြသူများ လူ့အခွင့်အရေး ချိုးဖောက်ခံရဟု ကုလအကြီးအကဲ ပြော
DVB
·
February 13, 2025
ဘင်္ဂလားဒေ့ရှ် ဆန္ဒပြသူများ လူ့အခွင့်အရေး ချိုးဖောက်ခံရဟု ကုလအကြီးအကဲ ပြော
Donate to DVB

ဘင်္ဂလားဒေ့ရှ် အစိုးရဟောင်းနဲ့ လုံခြုံရေးယန္တရားက တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဆန္ဒပြသူတွေအပေါ် ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။

အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ အစီရင်ခံစာကို တင်ပြရင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော့ခါ တာ့ခ်က ဂျီနီဗာမြို့တော်မှာ သတင်းထောက်တွေကို ခုလိုပြောလိုက်တာပါ။

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေဟာ အကြောက်တရားနဲ့ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရတာတွေကြားမှာ ဖြစ်သွားနိုင်တယ်လို့ သူကပြောပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ စာနာသူတွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ တရားဝင်မူဝါဒကို ဘင်္ဂလားဒေ့ရှ် အကြီးတန်းအရာရှိတွေနဲ့ တခြား သက်သေအထောက်အထားတွေက ပြသခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နောက်ထပ် ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။

အစိုးရအလုပ်ခွဲတမ်းတွေကို ဆန့်ကျင်တဲ့ ကျောင်းသားတွေဦးဆောင်တဲ့ လှုပ်ရှားမှုတရပ်အဖြစ် စခဲ့ပေမဲ့ အဲဒီအချိန်က ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာဟာ ရာထူးကနုတ်ထွက်ပြီး ဩဂုတ်လအစောပိုင်းမှာ မငြိမ်မသက်မှုတွေ အရှိန်အမြင့်ဆုံးအချိန်မှာ အိန္ဒိယနိုင်ငံဆီ ထွက်ပြေးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၂၀၀၉ ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့တဲ့ ဟာဆီနာက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသတ်မှု၊ အကျင့်ပျက်ခြစားမှုနဲ့ ငွေကြေးခဝါချမှု စတဲ့ သံသယတွေနဲ့ စုံစမ်းစစ်ဆေးခံနေရပြီး သူ့ကိုလွှဲပြောင်းပေးဖို့ အိန္ဒိယအစိုးရကို ဘင်္ဂလားဒေ့ရှ် အစိုးရက တောင်းဆိုထားပါတယ်။

ဟာဆီနာနဲ့ သူ့ပါတီက အမှားအယွင်း မလုပ်ထားဘူးလို့ ငြင်းပေမဲ့ အိန္ဒိယအစိုးရက တရားခံ လွှဲပြောင်းရေး တောင်းဆိုချက်ကို မတုံ့ပြန်ပါဘူး။

ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာအပေါ် မှတ်ချက်ပေးဖို့ ဟာဆီနာနဲ့ သူ့ရဲ့ အဝါမီလိဂ်ပါတီက တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013