DVB Logo
Home
Lead Story
မြန်မာ့အရေး ကမ္ဘာ့အာရုံစိုက်မှု ကင်းဝေးသွားနိုင်ဟု ကုလအကြီးအကဲပြော 
DVB
·
September 23, 2026
Photo: UN
Photo: UN
Donate to DVB

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုကနေ တဖြည်းဖြည်း လွတ်ကင်းသွားနိုင်တဲ့  အန္တရာယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၂ ရက်က  အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ အထွေထွေညီလာခံမှာ ကမ္ဘာ့ရေးရာတွေနဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က မိန့်ခွန်းပြောကြားရာမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးလည်း ထည့်သွင်း ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတာ၊ လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ပိုမိုကျယ်ပြန့်လာတာအပြင် နောက်ထပ် အကျပ်အတည်းတရပ်ကတော့ ကမ္ဘာ့အာရုံစိုက်မှုကနေ တဖြည်းဖြည်း လွတ်ကင်းသွားနိုင်တဲ့  အန္တရာယ် ရှိနေတာလို့ ကုလသမဂ္ဂ အကြီးအကဲက ပြောပါတယ်။

အရှေ့အလယ်ပိုင်း၊ ယူကရိန်း၊ ဆူဒန်နဲ့ မြန်မာနိုင်ငံတို့က ပဋိပက္ခတွေကို ရည်ညွှန်းပြောဆိုရာမှာ အင်အားသုံးမှုဟာ သံတမန်ရေးရာထက် ပိုမိုလျှင်မြန်လာပြီး တာဝန်ယူမှု တာဝန်ခံမှုတွေ မှေးမှိန် ပျောက်ကွယ်လာတယ်၊ ဒီပြဿနာတွေနဲ့ တခြားသော ပဋိပက္ခများစွာဟာ အာဏာကို ထိန်းချုပ်မှုကနေ လွတ်ကင်းသွားတဲ့အခါ ဘယ်လိုအခြေအနေတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာကို ပြသနေတယ်လို့ ဂူတာရက်စ်က မိန့်ခွန်းမှာ ပြောပါတယ်။

ဒါ့အပြင် ယူကရိန်းနိုင်ငံမှာ ရုရှားရဲ့ အပြည့်အဝ ကျူးကျော်စစ်ဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံအား ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲအတွင်းသို့ ကျရောက်စေခဲ့တယ်လို့ ပြောပါတယ်။

ရှေ့တန်းစစ်မျက်နှာစာတွေနဲ့ ဝေးကွာတဲ့နေရာတွေမှာ အရပ်သားတွေ ဆက်လက်သေဆုံးနေကြရပြီး အဓိကအားဖြင့် ယူကရိန်းနိုင်ငံမှာ ဖြစ်ပေမဲ့ မကြာသေးမီက ရုရှားရဲ့ ဒေသတချို့မှာလည်း ဖြစ်ပွားခဲ့တယ်၊ နေအိမ်တွေ၊ စွမ်းအင်နဲ့ ရေပေးဝေရေး စနစ်တွေ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ထပ်မံထိုးနှက်တိုက်ခိုက်ခံခဲ့ရပြီး ကမ္ဘာလုံးဆိုင်ရာ အစားအစာ၊ စွမ်းအင်ထောက်ပံ့မှုတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တွေကို ခြိမ်းခြောက်နေတယ်လို့ ကုလအကြီးအကဲက ပြောပါတယ်။

ဆူဒန်နိုင်ငံမှာ ပြင်ပမှ ပါဝင်ပတ်သက်သူတွေက အားပေးအားမြှောက်ပြုထားတဲ့ အကြွင်းမဲ့အာဏာ လုပွဲ စစ်ပွဲဟာ အရပ်သားတွေ အပေါ် ဆင်နွှဲတဲ့စစ်ပွဲ ဖြစ်လာခဲ့တယ်။ သန်းပေါင်းများစွာသော လူထု ရွှေ့ပြောင်းဒုက္ခသည်တွေ ဖြစ်ခဲ့ရတယ်၊ ဒေါသတရားတွေ ပျံ့နှံ့လာတယ်၊ ဒရုန်းတွေနဲ့ ဆေးရုံတွေ နေအိမ်တွေကို တိုက်ခိုက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ လူမျိုးရေးအခြေပြု တိုက်ခိုက်မှုတွေ မြင့်တက်လာတာတွေ ရှိနေပြီး ကမ္ဘာကြီးက လျစ်လျူရှု ကြည့်ရှုနေစဉ် နိုင်ငံတနိုင်ငံမှာ ပျက်စီးယိုယွင်းနေရတယ်လို့ ပြောပါတယ်။

အရပ်သားတွေကို ခြွင်းချက်မရှိ ကာကွယ်ဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေကို အဟန့်အတားမရှိ သေချာပေးအပ်ဖို့ ၊ လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းတွေကို မပျက်မကွက် အကာအကွယ်ပေးဖို့၊ နျူကလီးယားလက်နက် မပြန့်ပွားရေးနဲ့ လက်နက်ဖျက်သိမ်းရေးကို ဆိုင်းငံ့ထားခြင်းမရှိဘဲ အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့လည်း တိုက်တွန်းပါတယ်။

အနာဂတ်ဟာ အာဏာဆိုင်ရာ စမ်းသပ်မှု ၄ ခုအပေါ် မူတည်နေတယ်လို့လည်း  ကုလသမဂ္ဂ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

“ကျွန်ုပ်တို့ရဲ့ အနာဂတ်ဟာ အာဏာဆိုင်ရာ စမ်းသပ်မှုကြီး ၄ ခုဖြစ်တဲ့ စစ်ပွဲ၊ မညီမျှမှု၊ ရာသီဥတုပြောင်းလဲမှုနဲ့ AI (ဥာဏ်ရည်တု) တို့ကို ကျွန်ုပ်တို့ ဘယ်လို ကိုင်တွယ်ဖြေရှင်းမယ်ဆိုတဲ့ အပေါ်မှာ  ပုံဖော်သွားမယ်။”

ဒီပြဿနာတွေ ဖြေရှင်းဖို့ နည်းလမ်းတခုမှာ လုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲဖို့ ဖြစ်တယ်၊ အာဖရိကနိုင်ငံတွေရဲ့ အမြဲတမ်းကိုယ်စားပြုခွင့် မပါဝင်တဲ့ ၂၁ ရာစု လုံခြုံရေးကောင်စီဟာ တရားမျှတမှု မရှိသလို ဆင်ခြေပေးလို့ မရနိုင်ဘူးလို့လည်း  ဂူတာရက်စ်က ပြောသွားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ဒုတိယမြောက် သက်တမ်းမှာ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မှာ ကုန်ဆုံးမှာဖြစ်ပြီး သူ့သက်တမ်းကုန်ဆုံးချိန်မှာ နောက်ထပ် အတွင်းရေးမှူးချုပ် အသစ်တယောက်ကို ရွေးချယ်တင်မြှောက်ဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013