
ထိုင်ဝမ်အလယ်ပိုင်းရှိ ထိုင်းချွန်းမြို့က ကုန်တိုက်တခုမှာ ဖေဖော်ဝါရီ ၁၃ ရက်က သံသယဖြစ်ဖွယ် ဓာတ်ငွေ့ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး လူ ၅ ယောက်ထက်မနည်း သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဌာနက ပြောကြားခဲ့ပါတယ်။
ပေါက်ကွဲမှုဟာ အဆောက်အအုံရဲ့ ၁၂ လွှာမှာ ဖြစ်ပွားခဲ့ပြီး ဆောက်လုပ်ရေးလုပ်နေဆဲ ဖြစ်ကြောင်း မီးသတ်ဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းကြောင့် ၁၂ ထပ်ရှိ အစားအသောက်ဈေးတန်းကို ပိတ်ထားချိန်ဖြစ်တယ် လို့လည်း ဆိုပါတယ်။
အေအက်ဖ်ပီ သတင်းမှာတော့ ကြာသပတေးနေ့က ကုန်တိုက်မှာ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၂ ယောက် ဒဏ်ရာရရှိခဲ့ပြီးတော့ သူတို့ထဲက ၆ ယောက်ဟာ နှလုံးခုန် ရပ်သွားခဲ့တယ်လို့ ထိုင်းချွန်းမြို့တော်ဝန် လူရှုန်းယန်ကို ကိုးကား ထုတ်ပြန်ထားပါတယ်။
မနက် ၁၁ နာရီခွဲလောက်မှာ မြို့တော်အစိုးရ အဆောက်အအုံမှာ အလုပ်လုပ်နေတုန်း ရှင်းကုန်း မစ်ဆူကိုရှီ ကုန်တိုက်ဘေးမှာ တုန်ခါမှုတခု ခံစားခဲ့ရကြောင်းနဲ့ ပေါက်ကွဲမှုက အရမ်းပြင်းထန်ပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြောင်း မြို့တော်ဝန်က ပြောပါတယ်။
Source : Reuters










