DVB Logo
Home
မြန်မာသတင်း
ပေါင်းတည်နှင့် ဒီပဲယင်းတွင် စစ်တပ်က မီးရှို့သဖြင့် နေအိမ် ၅၀ ခန့် ဆုံးရှုံး
DVB
·
February 13, 2025
ပေါင်းတည်နှင့် ဒီပဲယင်းတွင် စစ်တပ်က မီးရှို့သဖြင့် နေအိမ် ၅၀ ခန့် ဆုံးရှုံး
1 / 2
Donate to DVB

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာကို ဖေဖော်ဝါရီ ၁၁ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြတာကြောင့် လူနေအိမ် ၄၀ ကျော် မီးလောင် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ပေါင်းတည်မြို့နယ်ထဲက ရပ်ကျေးပကဖအဖွဲ့ဝင် ရဲဘော်တယောက်က “သစ်ပုတ်ရွာမှာက ဆက်သွယ်ရေး တာဝါတိုင် ရှိတယ်။ အဲဒီမှာ တပ်မ ၆၆ အောက်က စစ်သား ၅၀ နီးပါးလောက် တပ်စွဲနေတာ ၄ နှစ်နီးပါး ရှိနေပြီ။ အဲဒီကောင်တွေက ရွာမီးရှို့ကြတာပါ။ နှစ်ရက်ဆက်တိုက် ရှို့တာပါ။ အိမ် ၄၀ ကျော် ၅၀ နီးပါးလောက် မီးလောင်ပျက်စီးသွားတယ်လို့တော့ စာရင်းရထားတယ်။ ရွာခံတွေ ထွက်ပြေးနေကြတော့ မီးလောင်ပျက်စီးတဲ့ အိမ်အရေအတွက်ကို အတိအကျ မသိရသေးဘူး။ ရွာဦး ဘုန်းကြီးကျောင်းကတော့ လုံးဝမီးလောင်ပြာကျသွားတယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်က သစ်ပုတ်ကျေးရွာကို ဖေဖော်ဝါရီ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ နှစ်ရက်ဆက်ပြီး ၂ ကြိမ် မီးရှို့ခဲ့ကြတာလို့ ဆိုပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သစ်ပုတ်ကျေးရွာမှာရှိတဲ့ ဆက်သွယ်ရေးတာဝါတိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက လာရောက်တပ်စွဲနေပြီး သစ်ပုတ်ကျေးရွာအပါအဝင် အနီးဝန်းကျင်က ကျေးရွာတွေကို မကြာခဏဝင်ရောက်ပြီး ရိက္ခာနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို လုယူလေ့ရှိတယ်လို့လည်း ဆိုပါတယ်။

သာယာဝတီခရိုင် စစ်ရေးတာဝန်ခံတယောက်က “အဲဒီရွာက အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတယ်။ ပြည်သူတွေ ထွက်ပြေးနေကြရတာကတော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လလောက်ကတည်းပါ။ တိုက်ပွဲတွေကတော့ ကြိုးကြားကြိုးကြား ဖြစ်တာပေါ့။ ဒါပေမဲ့ အခုရက်ပိုင်း တိုက်ပွဲငြိမ်နေတယ်” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်ကလည်း ပဲခူးရိုးမအစပ်က ကျေးရွာတွေဆီကို စစ်ကြောင်းထိုးဖို့ စစ်ကား ၂ စီးနဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက ကြားဖြတ် တိုက်ခိုက်ခဲ့ကြသေးတယ်လို့ ဆိုတယ်။

သစ်ပုတ်ကျေးရွာနဲ့ အနီးဝန်းကျင်ကျေးရွာတွေက ထောင်ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ဘေးရှောင်နေကြရတာ ၇ လကျော် ကြာမြင့်နေပြီး လယ်ယာလုပ်ငန်းခွင်တွေလည်း မလုပ်ကိုင်နိုင်တော့တဲ့အတွက် စားနပ်ရိက္ခာတွေလည်း လိုအပ်နေကြပြီ ဖြစ်တယ်လို့လည်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် မနက် ၇ နာရီခွဲ ဝန်းကျင်လောက်ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်မှာရှိတဲ့ လူနေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

အဖြူရောင် DPY အဖွဲ့ရဲ့တာဝန်ခံ The White က “အိမ် ၅ လုံး မီးလောင် ပျက်စီးသွားတယ်လို့တော့ ကနဦး သိထားရတယ်ဗျာ။ ဦးကိုကြီး၊ ဒေါ်ညိုစန်း၊ ဦးရ တို့ရဲ့အိမ်တွေ ပါသွားတယ်။ နောက် ၂ အိမ်ရဲ့ ပိုင်ရှင်တွေကတော့ စုံစမ်းနေဆဲပါ။ အဲဒီထဲမှာ လက်ဖက်ရည်ဆိုင်တဆိုင်လည်း ပါတယ်လို့တော့ သိရတယ်ပေါ့ဗျာ။ ပြည်သူထိခိုက်မှု ရှိ၊ မရှိ ဆိုတာလည်း အတည်မပြုနိုင်သေးပါဘူး” လို့ ပြောပါတယ်။

အဆိုပါ မီးလောင်ပျက်သွားတဲ့ လူနေအိမ်တွေဟာ ဒီပဲယင်းမြို့ လမ်းဆုံက လူနေအိမ်တွေ ဖြစ်ကြပြီး ဒီပဲယင်းမြို့ပေါ်မှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ဆိုပါတယ်။

ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ခံတယောက်က “အရင်နေ့ကတော့ ဒီပဲယင်းမြို့ပေါ်မှာ ရှိနေတဲ့ စစ်‌‌ေ—းတွေအတွက် လေကြောင်းကနေ အထုပ် ၇ ထုပ် ချပေးသွားတယ်။ အဲဒီနောက်နေ့မှာ အခုလို လူနေအိမ်တွေကို မီးရှို့တာပဲ။ ‌ေ–းတွေက တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ကို သက်သက်မဲ့ ပြည်သူပိုင်ပစ္စည်းကို ဖျက်ဆီးချင်လို့ကို ရှို့တယ်လို့ပဲ ယူဆတယ်” လို့ DVB ကို ပြောပါတယ်။

ဒီပဲယင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အလွန်အကျွံ အသုံးပြုခဲ့လို့ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာပေးခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီပဲယင်းမြို့ပေါ်ကို ပြန်လည်တပ်စွဲနေကြတာလို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီပဲယင်းမြို့ပေါ်က မြို့မရဲစခန်း၊ ဇွဲ စားသောက်ဆိုင်နဲ့ စာသင်ကျောင်း တချို့မှာ တပ်စွဲနေကြတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ဒီပဲယင်းမြို့ရဲ့ အနီးဝန်းကျင်တွေကို ထိန်းချုပ်ထားဆဲဖြစ်ကာ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် ဒီပဲယင်းမြို့ပေါ်က ပြည်သူအများစုဟာလည်း အနီးပတ်ဝန်းကျင် ကျေးရွာတွေမှာ တိမ်းရှောင်နေကြရ​တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို ဇန်နဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြလို့ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့လည်း ဒီပဲယင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013