DVB Logo
Home
မြန်မာသတင်း
ပုသိမ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁ ဦး ဆေးကုသခွင့်မရသဖြင့် သေဆုံး
DVB
·
February 12, 2025
ပုသိမ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁ ဦး ဆေးကုသခွင့်မရသဖြင့် သေဆုံး
Donate to DVB

ဧရာ၀တီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ တလအတွင်း နိုင်ငံရေးအကျဉ်းသားတယောက် ဆေးကုသခွင့်မရလို့ သေဆုံးခဲ့ပြီး အကျဉ်းသားတွေ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရ ဖြစ်နေတယ်လို့ အကျဉ်းသားမိသားစုတွေ၊ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

သေဆုံးသွားသူမှာ အသက် ၃၆ နှစ်အရွယ် ကိုအောင်မျိုးကျော် ဆိုသူဖြစ်ပြီး စစ်ကောင်စီတပ်က သူ့ကို ပုသိမ်မြို့ပြ ပြောက်ကျားအဖွဲ့၀င်လို့ စွပ်စွဲဖမ်းဆီးကာ ပုဒ်မ ၃ ခုနဲ့ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံထားရတာလို့ သိရပါတယ်။

မိသားစုဝင်တယောက်က “ရက်ဆက် နေမကောင်းဖြစ်နေတာ၊ ဆုံးမယ့်နေ့ကတော့ ဗိုက်ထဲ အရမ်းအောင့်လာပြီး နေထိုင်မကောင်းလို့ ထောင်အာဏာပိုင်တွေကို ဆေးရုံတင်ခွင့်တောင်းတာ မရတော့ ထောင်ထဲမှာပဲ ဆုံးသွားတာ။ ဆုံးသွားတာတောင် အောင်မျိုးကျော်ကို ကူညီပေးနေသူက ပြောပြလို့ သိရတာ” လို့ ပြောပါတယ်။

အဲဒီ ပုသိမ်အကျဉ်းထောင်ထဲမှာ ဆေးဝါးမလုံလောက်တာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေ ကျန်းမာရေးချို့တဲ့နေပြီး အကျဉ်းသားမိသားစုဝင်တွေက တလတခါ ထောင်ဝင်စာပို့တဲ့အခါ ဆေးဝါးတွေ ထည့်ပေးလိုက်ပေမဲ့ ထောင်အာဏာပိုင်တွေဘက်က ပါဆယ်ပစ္စည်း ကန့်သတ်ချက်တွေ တိုးမြှင့်လုပ်ဆောင်နေသလို ပစ္စည်းတွေ လက်ဝယ်မပေးဘဲ သိမ်းယူတာတွေပါ ရှိနေတယ်လို့ ဆိုပါတယ်။

ပုသိမ်အကျဉ်းထောင်နဲ့ နီးစပ်သူက “အာဏာပိုင်တွေက လုံခြုံရေးအကြောင်းပြချက်နဲ့ ပြင်ပပစ္စည်းတချို့ကို လုံးဝ ကန့်သတ်ထားတယ်လို့ သိရတယ်။ အကျဉ်းထောင်ထဲမှာက အသက် ၆၀ နဲ့ ၇၀ အကျဉ်းသားတွေ၊ နာတာရှည်ဝေဒနာသည် အကျဉ်းသားတွေ မနည်းရှိနေပါတယ်။ အကျဉ်းထောင်ဆေးခန်းက အရင်က နည်းနည်းပါးပါး စစ်ဆေးပေးသေးတယ်။ အခုနောက်ပိုင်း လုံးဝ လှည့်ကိုမကြည့်တော့ဘူး” လို့ ပြောပါတယ်။

ပုသိမ်အကျဉ်းထောင်မှာ နာတာရှည်ဝေဒနာသည် အကျဉ်းသားတွေ အပါအဝင် နာမကျန်းဖြစ်နေတဲ့ အကျဉ်းသား အယောက် ၅၀ ထက်မနည်းရှိပြီး စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနက လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မပေးတဲ့အပြင် အကျဉ်းသားမိသားစုတွေက ပေးပို့လိုက်တဲ့ ဆေးဝါးတွေပါ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်ကလည်း အချိန်မီ ဆေးကုသခွင့်မရလို့ မြောင်းမြအကျဉ်းထောင်မှာ အစာအိမ်ဝေဒနာရှင် နိုင်ငံရေးအကျဉ်းသား မောင်ကျော်ဇင်လတ် (ခ) ပစ္စတို ဆိုသူ သေဆုံးခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူဆီက သိရပါတယ်။

ဒါ့အပြင် အကျဉ်းသားတွေကို လုံလောက်တဲ့ ကျန်းမာရေးကုသမှု မရတာကြောင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၇ ရက်က ပုသိမ်မြို့က အသက် ၅၀ အရွယ် နိုင်ငံရေးအကျဉ်းသား ဦးစန်းအေးနဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က အသက် ၃၀ အရွယ် ဖျာပုံမြို့က နိုင်ငံရေးအကျဉ်းသား ကိုစံလင်းစံတို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂ ရက် ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွင်း အကျဉ်းထောင်တွေထဲမှာ ဆေးကုသခွင့် အလုံအလောက် မရလို့ သေဆုံးရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်အထိ ရှိလာတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013