
တောင်ကိုရီးယား မူလတန်းကျောင်းတကျောင်းမှာ အသက် ၇ နှစ်အရွယ် မိန်းကလေးတယောက် ဓားနဲ့ထိုးခံရပြီးနောက် နှလုံးရပ် သေဆုံးခဲ့ကြောင်း ထဲဂျွန်းမြို့တော်ပညာရေးရုံး တာဝန်ရှိသူ တယောက်က ဖေဖော်ဝါရီ ၁၁ ရက် မီဒီယာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်က မိန်းကလေးကို ကျောင်းရဲ့ ရုပ်မြင်သံကြားအခန်းထဲက ဆရာမတယောက်ရဲ့ဘေးမှာ ကြမ်းပြင်ပေါ် လဲလျောင်းနေတာကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
မိန်းကလေးဟာ အဲဒီဆရာမ အလုပ်လုပ်နေတဲ့ကျောင်းက ကျောင်းသူတယောက်ဖြစ်ပြီး ရဲတွေကတော့ သူတို့နှစ်ယောက်ကြားက ပုဂ္ဂိုလ်ရေး ဆက်ဆံရေးကို အခုချိန်အထိ ဆုံးဖြတ်ပြောဆိုခြင်း မရှိသေးကြောင်း ရဲအရာရှိတယောက်က ပြောပါတယ်။
တနင်္လာနေ့မှာ သူ့ရဲ့အတန်းကနေ ထွက်လာပြီးနောက်မှာ သူစီးရမယ့်ကျောင်းကားပေါ် တက်လာတာ မရှိတဲ့အတွက် မိန်းကလေးရဲ့ အဘွားနဲ့ တခြားမိသားစုဝင်တွေက လိုက်ရှာကြရာမှာ ကျောင်းသူလေးကို သူ့ရဲ့အဘွားဖြစ်သူက ရှာဖွေတွေ့ရှိခဲ့တာပါ။
“ကျောင်းသူလေးရဲ့ အဘွားက သူ့မြေးနဲ့ ဆရာမကို ရုပ်မြင်သံကြားခန်းရဲ့ ကြမ်းပြင်မှာ လဲလျောင်းနေတာကို တွေ့ခဲ့ပြီးတော့ အဲဒီနောက်မှာ ရဲတွေက သော့ခတ်ထားတဲ့ တံခါးကိုဖွင့်ပြီး ဝင်သွားတယ်” လို့ ထဲဂျွန်းမြို့တော် ပညာရေးဗျူရိုမှ ဒါရိုက်တာချုပ် ချွဲဂျဲမိုက ပြောပါတယ်။
ညနေ ၅ နာရီ မိနစ် ၄၀ လောက်မှာ ကျောင်းသူလေးကို လူနာတင်ယာဉ်နဲ့ ဆေးရုံကို ခေါ်ဆောင်သွားပြီး ကျောင်းသူလေးရဲ့ အဖေက ဒု-ကျောင်းအုပ်ရဲ့ကားနဲ့ ဆေးရုံကို လိုက်သွားတယ်လို့လည်း ဆိုပါတယ်။
အဲဒီဆရာမလည်း ဒဏ်ရာတွေနဲ့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရကြောင်း သိရပါတယ်။
ဆရာမဟာ စိတ်ကျရောဂါကြောင့် မနှစ်နှောင်းပိုင်းက အလုပ်ပြန်မဝင်ခင်မှာ ကျန်းမာရေး အကြောင်းပြချက်နဲ့ ဆေးခွင့်ယူခဲ့ကြောင်းလည်း ပညာရေးဗျူရိုမှ ဒါရိုက်တာချုပ် ချွဲဂျဲမိုက ရှင်းလင်းပြောကြားခဲ့ပါတယ်။
Source : Reuters