
လစ်ဗျားနိုင်ငံ အရှေ့တောင်ပိုင်းရှိ သဲကန္တာရထဲမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ သင်္ချိုင်းကြီး ၂ ခုမှာ တွေ့ရှိခဲ့တဲ့ တချို့ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အလောင်းတွေမှာ သေနတ်ဒဏ်ရာတွေ တွေ့ရှိခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) က ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြောကြားလိုက်ပြီး သင်္ချိုင်းတွင်းတခုမှာဆိုရင် အလောင်း ၇၀ အထိ ရှိနေတယ်လို့လည်း ယူဆထားပါတယ်။
သင်္ချိုင်း ၂ ခုကနေ အနည်းဆုံး ရုပ်အလောင်း ၂၈ လောင်းကို လစ်ဗျား လုံခြုံရေးအာဏာပိုင်တွေက ဆယ်ယူရရှိထားကြောင်း ရှေ့နေချုပ်ရုံးက ဖေဖော်ဝါရီ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဘန်ဂါဇီရဲ့တောင်ဘက် ကီလိုမီတာ ၄၀၀ အကွာဝန်းကျင်ရှိ ဂျီခါးရာမှာ ရုပ်အလောင်း ၁၉ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေနတ်ဒဏ်ရာတွေ အပါအဝင် ထိခိုက်ဒဏ်ရာတွေကို တွေ့ရှိခဲ့ကြောင်း ထရီပိုလီမြို့ IOM က လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်အုပ်ချုပ်ရေးဆိုင်ရာ အကြီးတန်း အစီအစဉ် ညှိနှိုင်းရေးမှူး ဖရန့်ဇ် ပရပ်ရှ်က ရိုက်တာကို ပြောပါတယ်။
နောက်ထပ် အစုလိုက်အပြုံလိုက် မြှုပ်ထားတဲ့ သင်္ချိုင်းတခုကို အရှေ့တောင်ဘက်ရှိ အယ်လ်-ကူဖရာ သဲကန္တာရမှာ ရှာဖွေတွေ့ရှိခဲ့ပြီး ရုပ်အလောင်း ၃၀ ကနေ ၇၀ အထိ ပါဝင်ကြောင်း ကယ်ဆယ်ရေးစခန်းက ထုတ်ပြန်လိုက်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဆီက အစီရင်ခံစာတွေအရ သိရှိရပြီး ဒီအချက်အလက်တွေကိုလည်း လစ်ဗျားအာဏာပိုင်တွေနဲ့ မျှဝေခဲ့ပါတယ်။
IOM ဟာ ဒီအလောင်းတွေ ဘယ်လောက်ကြာကြာ ရှိနေလဲဆိုတာ အသေးစိတ် မပြောနိုင်ပေမဲ့ အချိန်အတော်ကြာ ရှိနေခဲ့တယ်လို့ ထင်မြင်ယူဆထားပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းကလည်း နိုင်ငံအနောက်တောင်ပိုင်းရှိ အစုလိုက်အပြုံလိုက် သင်္ချိုင်းတခုမှာလည်း ရွှေ့ပြောင်းနေထိုင်သူ ၆၅ ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။
လစ်ဗျားနိုင်ငံဟာ ပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုတို့ကြောင့် မြေထဲပင်လယ်ကိုဖြတ်ပြီး ဥရောပကို ထွက်ပြေးခဲ့ကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ဖြတ်သန်းသွားလာနိုင်တဲ့ တထောက်နား လမ်းကြောင်းတခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။
ဇန်နဝါရီလကုန်မှာ အယ်လ်ဝါဟတ် မှုခင်းစုံစမ်းစစ်ဆေးရေးဌာနက ဆာဟာရဒေသခွဲက ရွှေ့ပြောင်းနေထိုင်သူ ၂၆၃ ယောက်ကို လွှတ်ပေးခဲ့ကြောင်း ပြောကြားခဲ့ပြီး သူတို့တွေကို လူမှောင်ခိုဂိုဏ်းတခုက အလွန်ဆိုးရွားလှတဲ့ လူသားကိစ္စနဲ့ ကျန်းမာရေးအခြေအနေတွေမှာ ဖမ်းဆီးထားကြောင်းလည်း ဆိုပါတယ်။
လစ်ဗျားနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူ ၉၆၅ ယောက် သေဆုံးမှုနဲ့ ပျောက်ဆုံးမှု မှတ်တမ်းထဲမှ ၂၂ ရာခိုင်နှုန်းဟာ ကုန်းမြေလမ်းကြောင်းတွေပေါ်မှာ ဖြစ်ပွားခဲ့ကြောင်း IOM ရဲ့ ပျောက်ဆုံး ရွှေ့ပြောင်းသမားများ စီမံကိန်းအရ သိရပါတယ်။
Source : Reuters










