DVB Logo
Home
မြန်မာသတင်း
စစ်တပ်က မြေပြင်စစ်ကြောင်းမထိုးနိုင်သဖြင့် လေကြောင်းကနေ စစ်ရှောင်စခန်းများကို တိုက်ခိုက်
DVB
·
February 11, 2025
စစ်တပ်က မြေပြင်စစ်ကြောင်းမထိုးနိုင်သဖြင့် လေကြောင်းကနေ စစ်ရှောင်စခန်းများကို တိုက်ခိုက်
1 / 3
Donate to DVB

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ရှောင်စခန်းတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပိုမိုပြုလုပ်လာတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ကရင်နီပြည်နယ်က ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ လွိုင်ကော် မြို့နယ်တွေနဲ့ ရှမ်းပြည်တောင်ပိုင်းက ဖယ်ခုံ၊ မိုးဗြဲ မြို့နယ်တို့မှာ စစ်ကောင်စီတပ်က ဇန်နဝါရီ တလတာအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၃၁ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကိုလည်း အကြိမ် ၃၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲမှုတွေကြောင့် ဇန်နဝါရီ တလအတွင်း ကလေးငယ် ၂ ယောက် အပါအဝင် ပြည်သူ ၇ ယောက် သေဆုံးခဲ့ရပြီး ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ပြည်သူ ၁၄ ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃၈ လုံး၊ စာသင်ကျောင်း ၂ ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၅ ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ  (IEC) အတွင်းရေးမှူး ၂ ဦးဗညားက “အဓိကတော့ စစ်ကောင်စီဘက်ကနေ စစ်ကြောင်းထိုးလို့ မရတဲ့ဟာရယ်၊ လေယာဥ်နဲ့လာမယ် ပစ်မယ် ကြဲမယ် ပြီးရင် ပြန်သွားတယ်ဆိုတော့ ကျနော်တို့လည်း မတားဆီးနိုင်တဲ့အပေါ်မှာ ပိုပြီး အသာစီးရတဲ့အပေါ်မှာ အသုံးချတယ်လို့ ပြောလို့ရမယ်။ အခြားတဘက်မှာလည်း မြေပြင်ကနေ လှုပ်ရှားမှုက အကန့်အသတ် ဖြစ်လာတာလို့လည်း ပြောလို့ရပါတယ်” လို့ ပြောပါတယ်။

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းက မြို့နယ်တွေကို စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ်ထဲမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ပိုမိုပြုလုပ်လာတဲ့အတွက် စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီလက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်ရချင်တာအပြင် ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ ရှုံးနိမ့်နေတဲ့အတွက် စစ်ကောင်စီတပ်က စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတာတွေကို ဆက်တိုက်ပြုလုပ်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိလာနေပါတယ်။

စစ်ဘေးရှောင်အမျိုးသမီး ဒေါ်ဂဲဂရုက “ညဘက်မှာ မှောင်မှောင်မည်းမည်းနဲ့ ထွက်ပြေးတာ မလွယ်ဘူး။ ဗုံးလာကြဲချိန် စိတ်ဒဏ်ရာလည်းရတယ်၊ ကြောက်လည်းကြောက်တယ်၊ ကတုတ်ကျင်းလည်း မလုပ်နိုင်ဘူး။ နေ့အချိန်ဆို ပြေးပုန်းလို့ လွယ်သေးတယ်၊ ညအချိန်ဆို ဘယ်နား ပြေးပုန်းရမှန်း မသိ၊ ဓာတ်မီးထွန်းတော့လည်း ကြောက်တယ်၊ သူတို့ မြင်ရမှာ ကြောက်တယ်၊ အရမ်းလျှောက်သွားတော့ ခလုတ်တိုက်၊ မှောက်လဲ၊ ဒဏ်ရာရ အဲလိုမျိုးဖြစ်နေတာ” လို့ ပြောပါတယ်။

စစ်ရှောင်တွေဟာ ဗုံးခိုကျင်းတူးဖို့နဲ့ မြေဖို့ဖို့ ငွေကြေးကုန်ကျမှုတွေကို မတတ်နိုင်တဲ့အတွက် လေယာဥ်လာတဲ့အချိန်မှာ လုံခြုံမယ် ထင်ရတဲ့နေရာတွေမှာ ပြေးပုန်းနေကြရတာပါ။

စစ်ကောင်စီတပ်က လေယာဥ်နဲ့ လက်နက်ကြီး နေ့စဥ် ပစ်ခတ်တာတွေ လုပ်နေတာကြောင့် စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရတာမျိုး ရှိတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ကရင်နီမှာ လေကြောင်းကနေ ၇၈၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ဒေသခံစစ်ဘေးရှောင် ၁၀၅ ယောက် သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်ထားပါတယ်။

နှင်းနှင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013