DVB Logo
Home
မြန်မာသတင်း
ပွင့်ဖြူတိုက်ပွဲအတွင်း PDF တပ်ခွဲမှူး ၁ ဦး ကျဆုံး၊ ရဲဘော် ၁ ဦး ပစ်သတ်ခံရ
DVB
·
February 11, 2025
ပွင့်ဖြူတိုက်ပွဲအတွင်း PDF တပ်ခွဲမှူး ၁ ဦး ကျဆုံး၊ ရဲဘော် ၁ ဦး ပစ်သတ်ခံရ
Donate to DVB

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း PDF ရဲဘော် တပ်ခွဲမှူးတယောက် ကျဆုံးခဲ့သလို ကမ္မမြို့မှာလည်း လမ်းမှားပြီးဝင်သွားတဲ့ PDF ရဲဘော်တယောက် ဖေဖော်ဝါရီ ၉ ရက် တရက်တည်းမှာပဲ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်း၊ ပြန်ကြားရေးတာဝန်ခံ JOKER က​ “စစ်ကောင်စီတပ်ဘက်နဲ့ အနီးကပ် ပစ်ခတ်တိုက်ပွဲထဲမှာ ရန်သူ့ရဲ့ လက်နက်ငယ်ကျည်က သူ့ခေါင်းကိုထိပြီး ကျဆုံးသွားခဲ့တာပါ။ စစ်ရေးအခြေအနေကြောင့် အဲဒီနေ့ ညနေပိုင်းမှာပဲ ကျနော်တို့ စိုးမိုးနယ်မြေထဲက နေရာတခုမှာ မီးသင်္ဂြိုဟ်ပြီး ဈာပနအခမ်းအနား ပြုလုပ်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။

ကျဆုံးသွားတဲ့ PDF ရဲဘော်ဟာ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၅ တပ်ရင်းရဲ့ တပ်ခွဲမှူး အသက် ၂၁ နှစ်အရွယ် နိုင်ထက်ဦး (ခေါ်) နဂါးလေး (ကိုယ်ပိုင်နံပါတ် P-14205080) ဖြစ်ပြီး ပွင့်ဖြူမြို့နယ်ထဲက လင်းဇင်းတိုက်နယ်၊ အုန်းတောကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတာလို့ ဆိုပါတယ်။
မင်းဘူးခရိုင်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက တပ်ခွဲမှူး နဂါးလေး အပါအဝင် တပ်ဖွဲ့ဝင်ရဲဘော် ၃ ယောက် ကျဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

အဆိုပါနေ့ မနက် ၉ နာရီဝန်းကျင်မှာပဲ မကွေးတိုင်း၊ ကမ္မမြို့မှာလည်း PDF တပ်ဖွဲ့ဝင် ရဲဘော်တဦးဟာ ဆိုင်ကယ်စီးရင်း လမ်းမှားဝင်ပြီး စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းရှေ့ကို ဖြတ်သန်းခဲ့တာကြောင့် ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

“ပခုက္ကူခရိုင် တပ်ရင်း ၈ ရဲ့ ရဲဘော်က ကမ္မမြို့ပေါ်ကို လာရင်းနဲ့ လမ်းမှားပြီး ရဲစခန်းရှိတဲ့လမ်းထဲကို ဝင်သွားတာ။ အဲဒီရဲဘော်လေးက ပြောက်ကျားဘောာင်းဘီလည်း ဝတ်ထားတယ်။ ကျောပိုးအိတ် ပါတယ်။ စစ်သုံးဖိနပ်လည်း စီးထားတယ်ဆိုတော့ PDF ရဲဘော်မှန်း သိသာတာပေါ့ဗျာ။ သူ စီးလာတာက Super 4 ဆိုတော့ ဘေးကလူတွေက အဲဒီလမ်းထဲ မဝင်ဖို့ လှမ်းအော်တာကို မကြားဘဲ ဆက်မောင်းသွားတာမှာ ရဲစခန်းထဲကနေ လှမ်းပစ်လိုက်တာ။ သူ့အလောင်းနဲ့ ဆိုင်ကယ်ကိုတော့ ရဲစခန်းထဲကို ဆွဲယူသွားကြတယ်” လို့ ကမ္မအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတဦးက DVB ကို ပြောပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကမ္မမြို့ရဲစခန်းကို လာရောက် တိုက်ခိုက်သူတွေကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့အတွက် PDF အလောင်း ၁ လောင်း၊ ပြောက်ကျားဝတ်စုံ ၂ စုံနဲ့ ဆိုင်ကယ် ၁ စီးတို့ သိမ်းဆည်းရမိတယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

ပစ်ခတ်ခံရလို့ ကျဆုံးသွားတဲ့ PDF တပ်ဖွဲ့ဝင်ရဲဘော်ရဲ့ ရုပ်အလောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်တောင်းခံခဲ့ပေမဲ့ မရရှိခဲ့တာကြောင့် ဖေဖော်ဝါရီ ၉ ရက် နေ့လယ်ပိုင်းမှာ အဆိုပါ ကမ္မရဲစခန်းထဲကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ ကမ္မအခြေစိုက် တော်လှန်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013