DVB Logo
Home
နိုင်ငံတကာ
အီလွန်မတ်စ်ခ် ဦးဆောင်သည့်အဖွဲ့က ChatGPT ကုမ္ပဏီကို ဝယ်ယူထိန်းချုပ်ရန် ကြိုးပမ်း
DVB
·
February 11, 2025
အီလွန်မတ်စ်ခ် ဦးဆောင်သည့်အဖွဲ့က ChatGPT ကုမ္ပဏီကို ဝယ်ယူထိန်းချုပ်ရန် ကြိုးပမ်း
Donate to DVB

အီလွန်မတ်စ်ခ် ဦးဆောင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေက ChatGPT ဖန်တီးတဲ့ OpenAI ကုမ္ပဏီကို ဝယ်ယူထိန်းချုပ်ဖို့ ဒေါ်လာ ၉၇ ဒသမ ၄ ဘီလီယံနဲ့ ကမ်းလှမ်းလိုက်ပါတယ်။

မတ်စ်ခ်ရဲ့ရှေ့နေ မာ့ခ် တိုဘာရော့ဖ်က OpenAI ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ဝယ်ယူဖို့ ကမ်းလှမ်းချက်တရပ် ဘုတ်အဖွဲ့ကို တင်လိုက်တယ်လို့ အတည်ပြုပါတယ်။

ဒီကမ်းလှမ်းမှုနဲ့ပတ်သက်ပြီး Open AI စီအီးအို ဆမ်အဲ့လ်တ်မန်း ကလည်း မတ်စ်ခ်ပိုင်တဲ့ X လူမှုကွန်ရက်မှာ “လက်မခံပါဘူး။ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားဆန္ဒရှိရင် တွစ်တာကိုတောင် ၉ ဒသမ ၇၄ ဘီလီယံနဲ့ ကျုပ်တို့က ပြန်ဝယ်ဦးမှာ” လို့ တုံ့ပြန့်ခဲ့ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် မတ်စ်ခ်နဲ့ အဲ့လ်တ်မန်း အကြား ChatGPT ကိစ္စအတွက် ပြဿနာတက်နေတာ ကြာပြီဖြစ်ပါတယ်။

OpenAI ကုမ္ပဏီဟာ အသိဉာဏ်တု AI နည်းပညာကို အများပြည်သူ အသုံးချနိုင်ဖို့နဲ့ ဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်း ဝင်ရောက်လာစေဖို့ ဦးဆောင်ခဲ့တာလို့ အများလက်ခံထားပါတယ်။

မတ်စ်ခ်နဲ့ အဲ့လ်တ်မန်းတို့ဟာ ၂၀၁၅ တုန်းက OpenAI ကို အကျိုးအမြတ်မယူတဲ့ ကုမ္ပဏီအဖြစ် စတင်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ မှာ မတ်စ်ခ်က ကုမ္ပဏီက ထွက်သွားခဲ့ပြီးနောက်ပိုင်း သူတို့ ၂ ယောက် ဆက်ဆံရေးလည်း ဆိုးရွားလာခဲ့တာ ဖြစ်ပါတယ်။

အဲ့လ်တ်မန်းက ကုမ္ပဏီကို အကျိုးအမြတ်ယူတဲ့ လုပ်ငန်းအဖြစ် ပြန်လည်ဖွဲ့စည်းသွားဖို့ စီစဉ်ပြီး မူလ အကျိုးအမြတ်မယူတဲ့ ပုံစံတုန်းက ဖွဲ့စည်းထားတဲ့ ဘုတ်အဖွဲ့ကို ဖျက်သိမ်းဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။

မတ်စ်ခ်ကတော့ဒီလုပ်ရပ်ဟာ AI ကို လူသားမျိုးနွယ်အကျိုးအတွက်ဆိုတဲ့ ကုမ္ပဏီထူထောင်စဉ်က ရည်ရွယ်ချက်ကို စွန့်လွှတ်ရာရောက်တယ်လို့ ဝေဖန်ထားပါတယ်။

OpenAI ကတော့ ဒီလို အကျိုးအမြတ်ယူတဲ့ လုပ်ငန်းအဖြစ် ပြောင်းမှသာ အကောင်းဆုံး ဉာဏ်ရည်တု မိုဒယ်တွေ ဖန်တီးဖို့ လိုအပ်တဲ့ပိုက်ဆံရမယ်လို့ ပြောပါတယ်။

လက်ရှိ OpenAI ကို ဝယ်ဖို့ ကြိုးစားမှုကို မတ်စ်ခ်ရဲ့ ကိုယ်ပိုင် AI ကုမ္ပဏီဖြစ်တဲ့ xAI နဲ့အတူ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေဖြစ်တဲ့ Baron Capital Group နဲ့ Valor Management တို့ ပါဝင်ပါတယ်။

OpenAI ကို တချိန်တုန်းကလို open-source ဘေးကင်းရေးဦးစားပေးတဲ့ ကောင်းကျိုးအတွက် လုပ်တဲ့အရာဖြစ်အောင် ပြန်လုပ်ဖို့ အချိန်ကြပါပြီ လို့ မတ်စ်ခ်က ထုတ်ပြန်ပါတယ်။

မတ်စ်ခ်တို့ဘက်က ကမ်းလှမ်းတဲ့ ဒေါ်လာ ၉၇ ဒသမ ၄ ဘီလီယံဆိုတဲ့ စျေးဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ နောက်ဆုံးရန်ပုံငွေရှာဖွေတုန်းက ကုမ္ပဏီတန်ဖိုး သတ်မှတ်ချက်ဖြစ်တဲ့ ဒေါ်လာ ၁၅၇ ဘီလီယံထက် နည်းနေပါတယ်။ နောက်ပိုင်း ရန်ပုံငွေရှာဖွေမှုတွေမှာ ကုမ္ပဏီကို ဒေါ်လာ ၃၀၀ ဘီလီယံထိ တန်ဖိုးဖြတ်ထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013