DVB Logo
Home
နိုင်ငံတကာ
ဆူဒန်လက်နက်ကိုင် ပဋိပက္ခအတွင်း အမျိုးသမီးနှင့် ကလေးများ ရုန်းကန်နေရ
DVB
·
February 11, 2025
ဆူဒန်လက်နက်ကိုင် ပဋိပက္ခအတွင်း အမျိုးသမီးနှင့် ကလေးများ ရုန်းကန်နေရ
Donate to DVB

ဆူဒန်စစ်တပ် (SAF) နဲ့ အမြန်ထောက်ပံ့ရေးတပ် (RSF) တို့အကြား ဖြစ်နေတဲ့ ပဋိပက္ခဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ဆူဒန်နိုင်ငံထဲမှာ သန်းနဲ့ချီတဲ့ အမျိုးသမီးတွေနဲ့ အထူးသဖြင့် အမျိုးသမီးတွေ၊ ကလေးတွေဟာ စားနပ်ရိက္ခာ မဖူလုံမှု၊ အိုးမဲ့အိမ်မဲ့တွေနဲ့ အကြမ်းဖက်မှုတွေကို ရုန်းကန်နေကြရပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလလယ်က ဆူဒန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခဟာ ၂ နှစ်နီးပါး ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံထဲမှာ ပြင်းထန်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခကို ဖန်တီးပေးခဲ့ပါတယ်။

၂၀၂၅ ခုနှစ်က ဆူဒန်နိုင်ငံမှာ အမျိုးသမီး ၁၅ သန်းကျော်ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်လိမ့်မယ်လို့ ကုလသမဂ္ဂက မကြာသေးမီက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

“ဆူဒန်နိုင်ငံတွင်း လူသားချင်းစာနာမှု လိုအပ်ချက်တွေနဲ့ တုံ့ပြန်မှုအစီအစဉ် ၂၀၂၅- ခြုံငုံသုံးသပ်ချက်” ဆိုတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ အစီရင်ခံစာထဲမှာ ဆူဒန်အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ပဋိပက္ခကြောင့် အချိုးမညီ ထိခိုက်ခံစားနေကြရပြီး အစာရှားပါးမှု၊ ရှင်သန်မှုဆိုင်ရာ အကျပ်အတည်းတွေ၊ ကျား၊ မ အခြေပြု အကြမ်းဖက်မှုတွေလို ပိုပြင်းထန်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်လို့ မီးမောင်းထိုးပြထားပါတယ်။

ဆူဒန်မှာ ခန့်မှန်းခြေ လူပေါင်း ၂၄ ဒသမ ၆ သန်းဟာ ပြင်းထန်တဲ့ စားနပ်ရိက္ခာ မလုံလောက်မှု ဒါမှမဟုတ် ပိုဆိုးတဲ့အခြေအနေမှာ ရှိနေကြပြီး အမျိုးသမီးတွေနဲ့ ကလေးတွေက အထူး အတိမ်းအစောင်းမခံနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

သူတို့ဟာ အစားအစာ၊ သောက်သုံးရေရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကိုယ်ရေးကိုယ်တာ ဘေးကင်းရေးတို့အတွက် ပိုခက်ခက်ခဲခဲ ရင်ဆိုင်နေရပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အဆောက်အအုံတွေ ဆိုးဆိုးရွားရွား ပျက်စီးပြတ်လပ်နေလို့ ဆူဒန်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ မွေးကင်းစကလေးတွေအတွက် အခြေအနေ ဆိုးရွားနေပါတယ်။

ဆူဒန်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ကိုယ်ဝန်ဆောင် အမျိုးသမီး အယောက်တသိန်းမှာ ၂၉၅ ယောက် သေဆုံးပြီး မွေးကင်းစကလေး အယောက် ၁,၀၀၀ မှာ ၅၁ ယောက် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဆူဒန်ရဲ့ ပညာရေးစနစ်ဟာ ပဋိပက္ခကြောင့် အပြင်းအထန် အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် စာသင်ကျောင်းပေါင်း ၁၀,၀၀၀ ကျော် ပိတ်ထားရပြီး ကျောင်းနေအရွယ် ကလေး ၁၉ သန်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ တရားဝင် ပညာသင်ကြားခွင့် မရကြပါဘူး။

အထူးသဖြင့် ကျောင်းထွက်ရခြင်းရဲ့ဒဏ်ကို မိန်းကလေးတွေ ခံစားနေကြရတယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013