
အင်ဒိုနီးရှားနိုင်ငံမှာ အစောပိုင်း သေဆုံးမှုတွေကို တားဆီးဖို့ အင်ဒိုနီးရှား ရူပီယာငွေ ၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၈၃ ဒသမ ၅၄ သန်း) တန်ဖိုးရှိတဲ့ နှစ်စဉ် အခမဲ့ ကျန်းမာရေး စစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်လိုက်ပါတယ်။
ဒါဟာ နိုင်ငံထဲမှာ ဆောင်ရွက်ခဲ့ဖူးသမျှ အကြီးမားဆုံး လုပ်ဆောင်မှုလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီအစီအစဉ်ဟာ အသက်အရွယ်မရွေး အင်ဒိုနီးရှားနိုင်ငံသားတွေအားလုံး သူတို့ရဲ့မွေးနေ့မှာ မဖြစ်မနေ အခမဲ့ ကျန်းမာရေးစစ်ဆေးခွင့် ပေးထားပါတယ်။
စစ်ဆေးမှုတွေထဲမှာ သွေးပေါင်ချိန်တာနဲ့ မျက်လုံးစစ်ဆေးမှုတွေအပြင် နှလုံးပြဿနာနဲ့ လေဖြတ်နိုင်ခြေကို ဆုံးဖြတ်ဖို့ စမ်းသပ်တာတွေလည်း ပါဝင်ပါတယ်။
ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ သေဆုံးရခြင်းရဲ့ အဓိက အကြောင်းရင်းတွေက လေဖြတ်ခြင်း၊ နှလုံးရောဂါနဲ့ တီဘီရောဂါတို့ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အချက်အလက်တွေက ဆိုပါတယ်။
အစိုးရဟာ အင်ဒိုနီးရှားနိုင်ငံသား အနည်းဆုံး သန်း ၂၈၀ ကို အသက်အရွယ် အုပ်စု ၆ ခုခွဲပြီး ကြိုတင်ကာကွယ်စောင့်ရှောက်မှု မြှင့်တင်ဖို့ ရည်ရွယ်ထားတယ်လို့ ကျန်းမာရေး၀န်ကြီး ဘူဒီ ဂူနာဒီ ဆာဒီခင်က ပြီးခဲ့တဲ့အပတ်က အင်တာဗျူးတခုမှာ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယံတိုက ဘတ်ဂျက်ဖြတ်တောက်မှု ရန်ပုံငွေ ဒေါ်လာ ၁၉ ဘီလီယံကို ကျောင်းနေကလေးတွေကို အခမဲ့ကျွေးမွေးခြင်း အပါအ၀င် ရွေးကောက်ပွဲ ကတိတွေကို ကူညီပေးဖို့ အမိန့်ပေးပြီးတဲ့နောက်မှာ ကျန်းမာရေးစစ်ဆေးမှုအတွက် ဘတ်ဂျက် အနေနဲ့ ရူပီယာ ၃ ထရီလီယံ ထားရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောခဲ့ပါတယ်။
Source : Reuters










