DVB Logo
Home
နိုင်ငံတကာ
ပင်တဂွန်တွင် ဒေါ်လာ ဘီလီယံရာချီ အလွဲသုံးစားမှုရှာတွေ့မည်ဟု ထရမ့်ပ် မျှော်လင့်
DVB
·
February 11, 2025
ပင်တဂွန်တွင် ဒေါ်လာ ဘီလီယံရာချီ အလွဲသုံးစားမှုရှာတွေ့မည်ဟု ထရမ့်ပ် မျှော်လင့်
Donate to DVB

အီလွန်မတ်စ်ခ် ဦးဆောင်တဲ့ အစိုးရအကျိုးထိရောက်မှုဌာန (DOGE) ဟာ ပင်တဂွန်စစ်ဌာနချုပ်မှာ လိမ်လည်မှုတွေ၊ အလွဲသုံးစားမှုတွေ ဒေါ်လာဘီလီယံရာချီ ရှာတွေ့မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

အမေရိကန်မှာ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်း (မြန်မာစံတော်ချိန်အရ ၁၀ ရက်နေ့မှာ) လွှင့်သွားတဲ့ ဖောက်စ်နယူးစ်ရုပ်သံက ဘရက်ဒ်ဘဲရ်နဲ့ အင်တာဗျူးမှာ ဒီကိစ္စကို ထရမ့်ပ်က ထည့်ပြောသွားတာ ဖြစ်ပါတယ်။

အီလွန်မတ်စ်ခ်ကို ယုံကြည်သလားဆိုတဲ့ မေးခွန်းကို ဖြေရာမှာ ထရမ့်ပ်က “အီလွန်ကို ယုံသလား ဆိုတော့၊ သူက ဘာမှ ရစရာမရှိပါဘူး။ တကယ်ဆို သူဒီလောက်အချိန်ပေးနိုင်တာကိုက အံ့အားသင့်ရတာပါ။ သူက တကယ်ကို မြှုပ်နှံပြီးလုပ်နေတာ”လို့ တုံ့ပြန်ခဲ့ပြီး စစ်ဘက်အသုံးစရိတ်စစ်ဖို့ ကိစ္စကို အခုလိုဆက်ပြောပါတယ်။

“သူ(မတ်စ်ခ်) ကို မကြာခင် ပြောဖို့ရှိပါတယ်။ ၂၄ နာရီအတွင်းလည်း ဖြစ်နိုင်တယ်၊ ပညာရေးဌာနကို သွားစစ်ဖို့လေ။ ပြီးရင်တော့ စစ်ဘက်ပေါ့။ စစ်ဘက်ကို စစ်ကြတာပေါ့လေ” လို့ Super Bowl အမေရိကန်ဖွတ်ဘော ဗိုလ်လုပွဲမတိုင်မီ လွှင့်တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ရုံးချုပ်စိုက်ရာကို အစွဲပြုပြီး ပင်တဂွန်လို့ပဲ အလွယ်ခေါ်ကြတဲ့ အမေရိကန်ရဲ့ အကြီးဆုံးပြည်ထောင်စုဝန်ကြီးဌာနဖြစ်တဲ့ ကာကွယ်ရေးဌာနရဲ့ အသုံးစရိတ်ဟာ တနှစ်ကို ဒေါ်လာ ထရီလျံနီးပါးအထိ ရှိနေပါတယ်။

စက်တင်ဘာ ၃၀ ရက်မှာမှ အဆုံးသတ်မယ့် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၈၉၅ ဘီလီယံအထိ အသုံးပြုဖို့ ဂျိုးဘိုင်ဒင်က ခွင့်ပြုပေးထားခဲ့ပါတယ်။

“ကျုပ်တို့ ဘီလီယံချီပြီးတော့၊ ဘီလီယံ ရာချီပြီးတော့ မသမာမှုတွေ၊ အလွဲသုံးစားမှုတွေ တွေ့မှာ” လို့ ထရမ့်ပ်က ပင်တဂွန်နဲ့ပတ်သက်ပြီး မှတ်ချက်ခဲ့ပါတယ်။

အထူးအစိုးရဝန်ထမ်းအဖြစ်  ခန့်အပ်ခံထားရတဲ့ မတ်စ်ခ်ဟာ အမေရိကန်ပြည်ထောင်စုအစိုးရ အင်အားလျှော့ချရေးကို အဓိက ဦးဆောင်နေတာ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်မှုရဲ့ တစိတ်တပိုင်းအဖြစ် ဌာနဆိုင်ရာအသီးသီးရဲ့ ကွန်ပျူတာစနစ်တွေထဲက လျှို့ဝှက်သတင်းအချက်အလက်တွေကိုပါ မတ်စ်ခ်နဲ့ သူ့အဖွဲ့တွေက ရယူ ထိန်းချုပ်ထားပါတယ်။

လွှတ်တော်အတည်ပြုချက်မရှိဘဲ ဒီလိုလုပ်နေတာဟာ တရားမဝင်သလို လျှို့ဝှက်သတင်းအချက်အလက်တွေ ပေါက်ကြားမယ့် အန္တရာယ်လည်း ရှိတယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။

ထောက်ခံသူတွေကတော့ ငွေကြေးအလွဲသုံးစားမှုတွေ၊ အချဉ်းနှီး အမှိုက်ဖြစ်သွားတာတွေကို ဖော်ထုတ်ရှင်းလင်းနိုင်တယ်လို့ တုံ့ပြန်ကြပါတယ်။

ပင်တဂွန်မှာ အချည်းနှီး ပြုန်းတီးတာတွေ၊ သုံးစွဲမှုတွေ မထိရောက်တာတွေကို အရင်ကတည်းက နိုင်ငံရေးနယ်ပယ် နှစ်ဖက်စလုံးက ဝေဖန်ခဲ့ကြပါတယ်။

ဒါပေမဲ့ မတ်စ်ခ်ရဲ့ဌာနမှာ ပင်တဂွန်ကို ပြန်လည်ပြင်ဆင်ဖို့ အတွေ့အကြုံ မရှိဘူးလို့ ဒီမိုကရက်တွေက ဝေဖန်ထားကြပါတယ်။

ဒါ့အပြင် မတ်စ်ခ်ရဲ့ ကုမ္ပဏီတွေဟာ ပင်တဂွန်နဲ့ အကြီးစား ကန်ထရိုက်တွေ ရထားတာ ဖြစ်တဲ့အတွက် အကျိုးစီးပွားပဋိပက္ခ ဖြစ်မှာကိုလည်း စိုးရိမ်နေကြပါတယ်။

အမျိုးသားလုံခြုံရေး အကြံပေး မိုက်ခ်ဝေါ့ဇ်ကလည်း သီးခြားအင်တာဗျူးတခုမှာ ပင်တဂွန်ရဲ့ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းစဉ်ကို မတ်စ်ခ်ရဲ့ DOGE ဌာနက အဓိက စိတ်ဝင်စားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပင်တဂွန်တခုလုံးဟာလည်း မလိုအပ်ဘဲ ဖောင်းပွနေတယ်လို့ DOGE ဌာနက သတ်မှတ်ထားပါတယ်။

“အကုန်လုံး ကုန်သင့်တာထက် ပိုကုန်နေပြီးတော့ စစ်သားတွေစီကျတော့ ရောက်ဖို့ ကြာသလို နည်းနည်းပဲ ရောက်ပါတယ်။ စီးပွားရေးခေါင်းဆောင်တွေက အဲဒီကိုသွားပြီးတော့ ပင်တဂွန်ရဲ့ ပစ္စည်းဝယ်ယူရေး လုပ်ငန်းစဉ်ကို လုံးဝပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် သင်္ဘောတည်ဆောက်ရေးကို ကြည့်ရပါတယ်။ လုံးဝကို ရှုပ်ထွေးနေတာပါ” လို့ အမျိုးသားလုံခြုံရေး အကြံပေး ဝေါ့ဇ်က NBC ရဲ့ Meet the Press အင်တာဗျူးမှာ ပြောထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013