
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးက ရေဘေးသင့် ပြည်သူတွေကို အလှူရှင်တွေက လှူဒါန်းပေးတဲ့ အလှူပစ္စည်းတွေနဲ့ ငွေကြေတွေကို ဖြတ်ယူသုံးစွဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေကြည်မြို့နယ်၊ မယင်းကူးကျေးရွာ အုပ်ချုပ်ရေးမှူး လှအုန်းနဲ့ ဆယ်အိမ်မှူး စန်းထွေးတို့က ရေဘေးသင့် ပြည်သူတွေအတွက် အလှူရှင်တွေက လှူဒါန်းထားတဲ့ ပစ္စည်းတွေကို ရေဘေးသင့် ပြည်သူတွေကို ပြန်လည်ဝေငှပေးရာမှာ တအိမ်ထောင် ကျပ် ၅,၀၀၀ ပြန်လည်ကောက်ယူနေသလို အလှူငွေကြေးကိုလည်း တအိမ်ထောင်စာထဲက ကျပ် ၁၀,၀၀၀ ဖြတ်ယူနေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “အလှူရှင်တွေက အုပ်ချုပ်ရေးမှူးဆိုတော့ သူ့ဆီပဲ လှူကြတာပေါ့။ အခက်အခဲ အမျိုးမျိုးကြောင့် တချို့က မြေပြင်အထိ မသွားတော့ဘူးလေ။ သူကတဆင့် ပြန်လည်ပေးဝေတာ။ အပြည့်အဝ လုံးဝ မရပါဘူး။ ငွေဆိုလည်း ဖြတ်ယူတယ်။ ပစ္စည်းဆို ငွေပြန်ကောက်တယ်” လို့ ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူးတို့ဟာ သြဂုတ်လ ပထမအပတ်ထဲမှာ ရေဘေးသင့်ပြည်တွေကို လှူဒါန်းတဲ့ငွေထဲက ကျပ်သိန်း ၂၀ ဖြတ်ယူခဲ့ပြီး သြဂုတ်လ ဒုတိယအပတ်မှာ အိမ်ထောင်စု ၄၀ စာအတွက် အလှူရှင်တွေက လှူဒါန်းတဲ့ တာပေါ်လင်စ ဖြန့်ဝေရာမှာ တအိမ်ထောင် ကျပ် ၅,၀၀၀ စီ ပြန်လည်ကောက်ယူခဲ့တယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “မယင်းကျေးရွာအုပ်ချုပ်ရေးမှူး သတင်းတွေ ထွက်ပေါ်နေတာ ဟုတ်တယ်။ အလှူရှင်တွေအနေနဲ့ တိုက်ရိုက်ကိုယ်တိုင် မလှူဒါန်းနိုင်ရင် အဆင်မပြေဘူး။ ရေဘေးမှာ ကိုယ်ကျိုးရှာနေတဲ့အဖွဲ့ထဲမှာ အုပ်ချုပ်ရေးမှူးတွေက ထိပ်ဆုံး” လို့ ပြောပါတယ်။
သြဂုတ်လ ဒုတိယအပတ်ထဲမှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူး လှအုန်းက ရေဘေးသင့်ပြည်သူတွေကို အလှူရှင်တွေက လှူဒါန်းထားတဲ့ အဝတ်အထည်တွေထဲက ပါကင် ပိတ်မဆိုး အထည် ၃၀ လောက်ကို ဖြတ်ယူ အသုံးပြုနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အာဏာရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူး လှအုန်းရဲ့ အပိုင်ထဲက မယင်းကူးကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ လေးမျက်နှာမြို့နယ်ဘက်က ရေတွေ စီးဝင်လာတာကြောင့် အိမ်ခေါင်မိုးထိတဲ့အထိ ရေနစ်မြုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မယင်းကူးကျေးရွာဘက်မှာ သြဂုတ် ၃၀ ရက်နေ့အထိ ရေအနည်းငယ်သာ ပြန်လည်ကျဆင်းပြီး နေအိမ်တွေ ပြန်မပေါ်သေးဘဲ ရေအောက်နစ်မြုပ်နေဆဲ ဖြစ်ကာ၊ အနိမ့်ဒေသတွေက နေအိမ်တွေအနေနဲ့ ခေါင်မိုးအထိ ရေမြုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Photo: KT











