DVB Logo
Home
မြန်မာသတင်း
ဖားကန့် ဖားပြင်ရွာတွင် ကျောက်လုပ်ကွက်များကြောင့် အိမ်ခြေ ၁၀၀ ကျော် ရေနစ်မြုပ်နေ
DVB
·
August 6, 2026
Photo: LM
Photo: LM
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ဖားပြင်ရွာထဲကို ကျောက်စိမ်းလုပ်ကွက်တွေကနေ စိမ့်ထွက်လာတဲ့ ရေတွေကြောင့် ဒေသခံတွေ ပြောင်းရွှေ့နေကြရပြီး ရွာလုံးကျွတ် ရေနစ်မြုပ်ပြီး ပျောက်ကွယ်နိုင်မဲ့ အန္တရာယ် ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားပြင်ရွာအထက်မှာ ကျောက်စိမ်းလုပ်ကွက်ရှိနေပြီး အဲဒီလုပ်ကွက်နဲ့ ကျေးရွာကြားမှာ ပေ ၂၀ ဝန်းကျင်ရှိတဲ့ ဖို့မြေရှိနေပေမဲ့ ရွာထဲကို ၄ ပေဝန်းကျင်လောက် ရေစိမ့်ထွက်နေပြီး အိမ်ခြေပေါင်း ၁၀၀ ကျော် နစ်မြုပ်နေတယ်လို့ ဆိုပါတယ်။

ဖားပြင်ရွာထဲကို ရေစိမ့်ဝင်နေတာက ဇူလိုင်လလယ်ပိုင်းကတည်းကဖြစ်ပြီး တလနီးပါးကြာတဲ့အထိ ရေက စိမ့်ထွက်နေတဲ့အတွက် ရေဝင်ထားတဲ့အိမ်တွေမှာလည်း ရေပြန်မကျဘဲ ဖြစ်နေတယ်လို့ ဖားပြင်ရွာဒေသခံတယောက်က DVB ကို ပြောပါတယ်။

“ကျင်းတွေက အထက်ဘက်ဖြစ်နေတာ၊ ရွာက အောက်ဘက်မှာ ကျင်းနဲ့ရွာနဲ့က ဖို့မြေလုပ်ပြီး လမ်းတခုခြားထားတာ။ အဲဒီလမ်းက ပေ ၂၀ လောက်တော့ရှိတယ်။ အဲဒါက ဖို့မြေပေါ့။ အထက်မှာက ကျောက်က တူးထားတော့ မိုးတွင်းကျ ရေကအိုင်ရော၊ ကျင်းက မိုးတွင်းမလုပ်တဲ့အခါကျတော့လေ။ ကျင်းထဲမှာရှိတဲ့ရေတွေက ဖို့မြေအောက်ကနေ စိမ့်ထွက်ပြီး ရွာထဲကိုဝင်လာတာ။ ဖို့မြေနဲ့နီးတဲ့ အိမ်တွေကတော့ ရေနစ်ကုန်တာပေါ့နော်။ ပြောမယ်ဆိုရင်တော့ ဖို့မြေအောက်ကနေ စိမ့်ထွက်နေတဲ့ရေတွေကြောင့် ဖားပြင်ရွာနေအိမ်တွေကို အချိန်မရွေး ဖုံးသွားနိုင်တဲ့ အခြေအနေရှိတယ်။”

လက်ရှိမှာတော့ စေတီကုန်းလုပ်ကွက်၊ ဖို့မြေနဲ့နီးကပ်တဲ့ စေတီကုန်းအတက်လမ်း၊ ရပ်ကွက် ၂ အပြင် အနီးအနားက နေအိမ်တွေ ရေနစ်မြုပ်နေပြီး ဒေသခံတချို့ ပြောင်းရွှေ့နေကြရတယ်လို့ ဆိုပါတယ်။

ကျေးရွာအတွင်းမှာ လူတရပ်စာဝန်းကျင် ရေနစ်မြုပ်နေတာဖြစ်ပြီး ရေနှုတ်မြောင်းကနေလည်း ရေမထွက်ဘဲ မိုးများပြီး မြေပြိုကျတာတွေ မကြာခဏဖြစ်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ ဖားပြင်ရွာဟာ လက်ရှိမှာ ရေစိမ့်ထွက်ပြီး ရေကြီးနေတဲ့အတွက် အန္တရာယ်ရှိနေတဲ့ အိမ်ခြေ ၁၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

ဖားပြင်ရွာဒေသခံက “တရွာလုံးမမြုပ်သေးဘူး။ ဒေသအခေါ် စေတီကုန်းအတက်လမ်းနဲ့ ရပ်ကွက် ၂ ခေါ်မယ် ရေတွင်းနားက ရက်ကွက်အစု စိမ့်ထွက်နေတာပဲ။ အရင်က မဖြစ်ပါဘူး။ ဆုတောင်းကုန်းကန် လုပ်ကွက်ကန်ကနေ စိမ့်လာတာ။ အခုဆို ညကင်းလည်း စောင့်ပေးနေကြရပြီ။ ကျမအသိတွေတော့ မနေရဲလို့ ပြောင်းသွားကြပြီ။ အိမ်သာကအစ အဆင်မပြေကြတော့လို့၊ မိုးများရင်လည်း ကြောက်ရတယ်။ အရင်ကလည်း အဲဒီလို လုပ်ကွက်ပေါက်ကျဖူးတော့ ကြောက်ကြတယ်။ မိုးများရင် အိမ်တောင်မပျော်ဘူး” လို့ ပြောပါတယ်။

အဲဒါအပြင် ဖားပြင်ရွာတဖက်ကမ်းက မမုံမှော်နဲ့ မမုံကျေးရွာမှာလည်း စွန့်ပစ်မြေစာတွေ ပြိုကျတဲ့အတွက် ရွာအတွင်းက နေအိမ် ၁၅ လုံးဝန်းကျင် ပြိုကျပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကလည်း ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာမှာ ကျောက်လုပ်ကွက်က နွံကန် ပေါက်ကျပြီး ကလေးငယ်တွေ အပါအဝင် ဒေသခံ ၃၁ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး နေအိမ် ၅၀ ကျော် နွံတွေအောက် နစ်မြုပ်ပျက်စီးခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013