DVB Logo
Home
Lead Story
စစ်မှုထမ်းဥပဒေ (သို့) အာဏာရှင်တပ်ကို ဗုန်းဗုန်းလဲပြိုစေမယ့် ဒေါက်ခလုတ်
DVB
·
February 10, 2025
စစ်မှုထမ်းဥပဒေ (သို့) အာဏာရှင်တပ်ကို ဗုန်းဗုန်းလဲပြိုစေမယ့် ဒေါက်ခလုတ်
Donate to DVB

လူအင်အား၊ လက်နက်အင်အား၊ ဓနအင်အား စတဲ့ အရေအတွက်ကိုသာ အားထားတတ်ပေမဲ့ စိတ်ခွန်အား၊ အရည်အသွေးနဲ့ ဉာဏ်ရည်ကောင်း၊ ကျင့်ဝတ်ကောင်းတွေကို တန်ဖိုးမထားတတ်တဲ့ လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ဖြစ် ဘယ်လောက်ပဲ ခဏတာ အောင်မြင်မှုရရ အဆုံးမှာ တလိမ့်ခေါက်ကွေး ကျဆုံးကြရတာ လူ့သမိုင်းတလျှောက်လုံး ဒုနဲ့ဒေး ရှိခဲ့ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ပြည်သူလူထုက ခါးခါးသီးသီး ငြင်းဆန်ခံရတဲ့ စစ်အာဏာရှင် သစ္စာခံတပ်ဟာ ကိုယ်ကျင့်သီလ ဖောက်ပြားသူတွေ စုဝေးများလာပြီး စစ်စွမ်းရည်၊ တိုက်စွမ်းရည် တစတစ ခန်းခြောက်လာတာမို့ မူးယစ်ဆေးဝါးတွေ တိုက်ကျွေးပြီး မိုက်ရူးရဲ စစ်တိုက်ရင်း ဦးကျိုး အမြီးကုပ်လာရတာ ၂၀၂၁ ခုနှစ် အာဏာသိမ်းလိုက်တဲ့ အချိန်ကစလို့ ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။

ဒီကနေ့အချိန်မှာတော့ မြန်မာ့စစ်သမိုင်းမှာ တခါမှ မကြုံဖူး၊ မဖြစ်ဖူးခဲ့တဲ့ အာဏာရှင်စစ်တပ်ရဲ့ ရှုံးနိမ့်မှုဖြစ်စဉ်တွေ ခပ်စိပ်စိပ် ဖြစ်ပွားလာသလို စစ်သားက စစ်သားအလုပ်မလုပ်နိုင်၊ ရဲက ရဲသားတာဝန် မထမ်းနိုင်ကြတော့ဘဲ သေနတ်သံ ကြားတာနဲ့ ထွက်ပြေး၊ အလံဖြူတင်၊ အညံ့ခံ၊ အလွယ်တကူ လက်နက်ချနေကြတာမို့ ဦးကျိုး အမြီးကုပ်လို့ ပျက်စီးယိုယွင်းသွားတဲ့ ဓားပြတပ်အဆင့် ရောက်သွားခဲ့ရပါပြီ။

ဒီအခြေအနေကို သိပါလျက်နဲ့ မိုက်လုံးကြီးပြီး အသိဉာဏ်ကန်းနေတဲ့ အာဏာရူး စစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ ဦးကျိုး အမြီးကုပ် တပ်ပျက်ကြီးနဲ့ စစ်အာဏာရှင်စနစ်အိုကြီးကို နိုင်ငံရဲ့ အနာဂတ်ရတနာ လူငယ်လူရွယ်တွေရဲ့ အသက်တွေကို အရင်းပြုပြီး စစ်မှုထမ်းဥပဒေနဲ့ ပြုပြင်ဖာထေးဖို့ ကြိုးစားလာတာ အားလုံးအသိ ဖြစ်ပါတယ်။

တကယ်တော့ ပြည်သူ့သားသမီးတွေကို သူတို့ အာဏာတည်တံ့ခိုင်မြဲရေးအတွက် စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလို့ ယုတ်မာမိုက်ရိုင်းစွာ ကြံစည်အားထုတ်မှုဟာ ယိုယွင်းပြိုကျနေတဲ့ စစ်ဓားပြဂိုဏ်းကို ကျားမကန်နိုင်ရုံမက ဗုန်းဗုန်းလဲလို့ အဆုံးသတ်စေမယ်ဆိုတာ သူတို့ နားမလည်နိုင်ကြသလို သိမြင်နားလည်ရင်တောင် အချိန်ဆွဲလို့ ရလိုရငြား ကြိုးစားကြည့်တဲ့ အရှုံးသမားတွေရဲ့ အဆုံးစွန် မိုက်မဲမှုတရပ်ပါပဲ။

ဘာကြောင့် ဒီလို ရေးသားရတာလဲဆိုရင် စစ်ရှုံးတပ်ဟာ စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းကို ၂၀၂၄ ခုနှစ် မေလကနေ စတင်ခဲ့ပြီး လစဉ် လူဦးရေ ၅,၀၀၀ ပုံမှန်ခေါ်ယူခဲ့ရာမှာ အခုဆို အပတ်စဉ် ၉ အထိ လူငယ်လူရွယ် ၄ သောင်းကျော်ကို အဓမ္မ စစ်မှုထမ်းဖို့ သူတို့ဆန္ဒမပါဘဲ စုဆောင်းလို့ ရှေ့တန်းစစ်မျက်နှာမျိုးစုံကို ပို့ဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတဝန်းမှာ ဖြစ်ပွားနေတဲ့ စစ်မျက်နှာအသီးသီးမှာ အောင်ပွဲဆိုတာ မည်မည်ရရ မရှိခဲ့တဲ့အပြင် သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေ တခုပြီး နောက်တခု လက်လွှတ်ဆုံးရှုံးနေဆဲ ဖြစ်ပါတယ်။

စစ်ရှုံးတပ်က လူငယ်တွေကို ဖမ်းဆီးရာမှာ အချိန်ခါမရွေး နေအိမ်တွေထဲကို ဧည့်စာရင်းစစ်တာ အကြောင်းပြပြီး ဝင်ရောက်ဖမ်းဆီးတာ၊ လုံခြုံရေးအကြောင်းပြပြီး လမ်းတွေပေါ်မှာ ဖုန်းတွေပါမကျန် စစ်ဆေးဖမ်းဆီးတာ၊ လက်လုပ်လက်စား ဆင်းရဲသား လူငယ်တွေကို အလုပ်သွား အလုပ်ပြန်မှာ ပစ်မှတ်ထားပြီး ဖမ်းဆီးတာတွေကို မိုက်ရိုင်းစုတ်ပဲ့စွာ ကျူးလွန်ခဲ့ကြပါတယ်။ စစ်မှုထမ်းဥပဒေကို လိုသလို အသုံးချပြီး ကာယကံရှင်ဆန္ဒမပါဘဲ မတရားဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသားတွေတင်မက အမျိုးသမီးတွေနဲ့အတူ လိင်စိတ်ခံယူမှု ကွဲပြားသူတွေလည်း ပါဝင်ကြပါတယ်။

စစ်ရှုံးတပ်ဟာ စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းကို ၂၀၂၄ ခုနှစ် မေလကနေ စတင်ပြီး လစဉ် လူဦးရေ ၅,၀၀၀ ပုံမှန်ခေါ်ယူခဲ့ရာမှာ အခုဆို အပတ်စဉ် ၉ အထိ လူငယ်လူရွယ် ၄ သောင်းကျော်ကို စစ်မှုထမ်းဖို့ အတင်းအဓမ္မ စုဆောင်းခဲ့ပြီး ရှေ့တန်းစစ်မျက်နှာမျိုးစုံကို ပို့ဆောင်ခဲ့ကြပါတယ်။

ရူးသွပ်မိုက်မဲလှတဲ့ စစ်‌ဗိုလ်ချုပ်ကြီးတွေရဲ့ စစ်မှုထမ်းဥပဒေဟာ နဂိုကမှ ချည့်နဲ့ပြီး တအိအိ ပြိုကျပျက်စီးလာနေတဲ့ စစ်ဓားပြဂိုဏ်းကို အောက်ပါဆုံးရှုံးမှု‌တွေ အများအပြား ဖြစ်ပွားလာစေပြီး ဗုန်းဗုန်းလဲကျ အဆုံးသတ်စေလိမ့်မယ်။

၁။ စစ်စွမ်းရည်၊ စိတ်ဓာတ်အင်အား ပိုမိုဆုံးရှုံးမယ်၊

၂။ လူအင်အားအရင်းအမြစ် ပိုမိုဆုံးရှုံးစေမယ်၊

၃။ လက်နက်အင်အား ပိုမိုဆုံးရှုံးစေမယ်၊

၄။ စစ်ထောက်ခံသူတွေရဲ့ ယုံကြည်အားထားမှု ပိုမိုဆုံးရှုံးစေမယ်၊

၅။ အချိန်နဲ့တပြေးညီ သတင်းအချက်အလက်ရရှိမှု ပိုမိုဆုံးရှုံးမယ်၊

၆။ လူထုဆက်သွယ်ရေးမှာ ပိုမိုအထီးကျန်လာစေမယ်၊

စစ်ရှုံးတပ်ဟာ စစ်မှုထမ်းဥပဒေ အသက်မဝင်ခင်ကတည်းက တိုက်စွမ်းရည်၊ စစ်ရေးစွမ်းရည် စတဲ့ စစ်သွေးစစ်မာန် စစ်ဝိညာဉ် နိမ့်ကျပျောက်ဆုံးလာခဲ့ရာမှာ အခုဆို စစ်ဗိုလ် စစ်သား ရဲသားတွေမှာ အသေခံဖို့မ‌ပြောနဲ့ တိုက်လိုခိုက်လိုစိတ်တောင် မရှိတော့တာမို့ မူးယစ်ဆေးဝါးကျွေးပြီး စစ်တိုက်ခိုင်းတာတောင် ထွက်ပြေး လက်နက်ချ၊ အညံ့ခံ အလံဖြူထောင်ပြီး ပြည်သူ့ရင်ခွင်ကို ကူးပြောင်းမစဲ တဖွဲဖွဲ လာနေဆဲ ဖြစ်တယ်။

၂၀၂၄ ခုနှစ် နိုင်ဝင်ဘာလ ၁၂ ရက်နေ့တုန်းက ရေဖြူမြို့နယ် ကံပေါက်ဒေသ ရေဖြူအခြေစိုက် ခလရ ၂၇၃ တပ်ရင်းက စစ်မှုထမ်းတပ်သား ၃ ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ တပ်ခွဲ-ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ တပ်ခွဲ ၆ (ဝေဟင်တပ်ဖွဲ့) ကို လက်နက်မပါဘဲ အလင်းဝင်ရောက်ခဲ့ကြပါတယ်။

နောက်ထပ် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ စစ်မှုထမ်းသင်တန်းဆင်း အပတ်စဉ် ၂ နဲ့ အပတ်စဉ် ၁ က တပ်သားသစ် ၅ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၃ က ဒေါနစစ်ကြောင်းထံ လက်နက်နှင့်တကွ အလင်းဝင်လာခဲ့ကြပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တုန်းကလည်း ပုလဲမြို့ပေါ်ကို စစ်ကူရောက်ရှိလာတဲ့ ဓားပြစစ်ကြောင်းမှ စစ်မှုထမ်း အပတ်စဉ် ၄ သင်တန်းဆင်း တပ်သားများဖြစ်ကြတဲ့ ပြည့်ကြီး၊ ကျော်လင်းနိုင်၊ မိုးနိုင်၊ ရန်နိုင်နှင့် ဝေကြီးတို့ဟာ MA1 အမျိုးအစားသေနတ် ၄ လက်၊ ကျည်ဘောက် ၈ ဘောက်၊ MA3 အမျိုးအစားသေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်နဲ့ ၅ ဒသမ ၅၆ ကျည် ၇၅၆ တောင့်တို့နှင့်အတူ အလင်းဝင်ရောက်ခဲ့တာကြောင့် ငွေကျပ်သိန်း ၅၀ စီ ဆုချီးမြှင့်ခဲ့ကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလအတွင်း ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်းမှာ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် ခမရ ၆ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၇ ဦး လက်နက်များယူဆောင်ပြီး ထွက်ပြေးသွားကြပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တုန်းကလည်း မကွေးတိုင်း၊ စလင်းမြို့နယ်၊ ခလရ-၂၅၅ တပ်ရင်းမှ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်မှုထမ်း တပ်သားသစ် ၃ ဦးကို စလင်းမြို့နယ် (ပကဖ) က အရှင်ဖမ်းဆီးရရှိခဲ့ပြီး လူသားချင်းစာနာ‌ထောက်ထားစွာနဲ့ ထိန်းသိမ်း စောင့်ရှောက်ထားခဲ့ရပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာတော့ မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် စစ်ခန်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို ပခုက္ကူခရိုင် တပ်ရင်း ၁၅ တော်လှန်ရေးတပ်ဖွဲ့ ကင်းပုန်းတွေက ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။

သိပ်မကြာသေးတဲ့ ဇန်နဝါရီ ၃၁ ရက်နဲ့ ဖေဖော်ဝါရီ ၂ ရက်က ပုသိမ်မြို့နယ်မှာရှိတဲ့ ခြေလျင်တပ်ရင်း ခလရ-၁၁ က အရာရှိအပါအဝင် တပ်သား ၁၄ ယောက်၊ ရေကြည်မြို့နယ်ရှိ အမှတ် ၃၄၄ အမြောက်တပ်ရင်းက တပ်ကြပ် အပါအဝင် တပ်သား ၁၂ ယောက်နဲ့ ပုသိမ်မြို့ရှိ အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်က တပ်သားသစ် ၅ ယောက် အပါအဝင် အရာရှိတပ်သား စုစုပေါင်း ၃၁ ယောက် ထွက်ပြေးသွားတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေဆီက သိရှိရပါတယ်။

ဒီဆောင်းပါးကို နိဂုံးသတ်ရရင် ထွက်ပေါက်ပိတ်၊ လွတ်လမ်းပျောက်နေတဲ့ အာဏာရူး စစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့အာဏာပလ္လင်ကို ကာကွယ်နိုင်ဖို့ မိဘပြည်သူတွေရဲ့ သားသမီး လူငယ်လူရွယ်တွေရဲ့ အသက်နဲ့ ဘဝတွေကို စ‌တေးပစ်မယ့် ရည်ရွယ်ချက်ဆိုးနဲ့ ဆင်ခြင်တုံတရားမဲ့စွာ အသက်သွင်း အကောင်အထည်‌ဖော်လာတဲ့ စစ်မှုထမ်းဥပဒေဟာ ဦးကျိုး အမြီးကုပ်နေတဲ့ အာဏာရှင်တပ်ကို အသက်ဆက်မပေးနိုင်မယ့်အပြင် စစ်စွမ်းရည်၊ စိတ်ဓာတ်အင်အား၊ လူအင်အား၊ လက်နက်အင်အားတွေ ပိုမိုဆုံးရှုံးလာစေနေပြီ ဖြစ်ပါတယ်။

မှားယွင်းတဲ့ စစ်အာဏာရှင်စနစ်နဲ့ အဲဒီစနစ်ဆိုးအတွင်းက ပြုပြင်လို့မရတဲ့ အကျင့်ပျက် ခြစား လောက်တဖွားဖွားကြောင့် ရှိပြီးသား စစ်ထောက်ခံသူတွေကိုပါ ထိခိုက်ခံစားလာရတာမို့ ကိုယ့်ခေါင်းဆောင်အ‌ပေါ် ယုံကြည်အားထားမှု ကင်းမဲ့လာ‌စေတဲ့ စစ်မှုထမ်းဥပဒဟာ စစ်အာဏာရှင်စနစ်ကို ပိုမိုအထီးကျန် အားနည်းလာစေပြီး အဘက်ဘက်မှာ ကျရှုံးစေရင်း ဗုန်းဗုန်းးလဲကျ အဆုံးသတ်စေမယ့် ဒေါက်ခလုတ်တခုသဖွယ်သာ ဖြစ်လာပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013