DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး တရက်တည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
DVB
·
February 9, 2025
မကွေးတိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး တရက်တည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
Donate to DVB

မကွေးတိုင်းအတွင်းမှာ ဖေဖော်ဝါရီ ၆ ရက်နေ့ တရက်တည်း ဗိုလ်ကြီး ၁ ယောက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။

မကွေးမြို့ပေါ်က အထက်တန်းကျောင်းမှာ လုံခြုံရေးလာယူတဲ့အထဲက စစ်သားတယောက်ဟာ ခေါင်းမှာ ဒဏ်ရာရထားသလို သေနတ်နဲ့ကိုယ့်ဘာသာ ပစ်ပြီး အဆုံးစီရင်ခဲ့တာလို့ ကျောင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“မကွေးမြို့ပတ်လမ်းပေါ် ကညနရုံးနားက အထက ၃ မှာ လုံခြုံရေးတာဝန်ကျနေတဲ့ စစ်သား ၁ ယောက်က သူ့ကိုယ်သူ ပြန်ပစ်တာ။  ဗိုက်ပွင့်သွားတယ်။ ခေါင်းမှာလည်း အချွန်နဲ့ထိုးတဲ့ဒဏ်ရာတွေ ရှိတယ်တဲ့။ အသက်ကတော့ ၂၀ ဝန်းကျင်လောက်ပဲ ရှိတယ်တဲ့။ ဘာကြောင့်သတ်သေတာလဲ ဆိုတာတော့ အသေအချာမသိရဘူးဗျ။ စစ်သားနဲ့ရဲတွေက ကျောင်းဖွင့်ရက်တိုင်း လုံခြုံရေးလာယူနေတာတွေရှိတယ်။ ကျောင်းထဲမှာ တပ်စွဲနေကြတာ မဟုတ်ဘူး။ အဲဒီနေ့က မနက် ၁၀ နာရီလောက်ဖြစ်တာ။ ကျောင်းတက်ချိန်မှာ ဖြစ်တာဆိုတော့ ကျောင်းသားမိဘတွေလည်း စိုးရိမ်သွားကြတာပေါ့။ သူ့အလောင်းကို ဖျာနဲ့လိပ်ပြီး သယ်သွားတယ်” လို့ DVB ကို ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မကွေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက အခုလို ကိုယ့်ကိုယ်ကိုယ် သတ်သေတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း မကွေးအခြေစိုက် ပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ကျောမြို့အနီးမှာအခြေစိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ အမှတ် ၂၃ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၃) က ဗိုလ်ကြီး ၁ ယောက် ဟာလည်း ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ကပစ ၂၃ က ၃ ပွင့် ဗိုလ်ကြီးနိုင်စိုးလွင် လို့ သိရတယ်ဗျ။ သူ့မိသားစုနဲ့ဝေးနေတာ ကြာတာကြောင့်ရယ် သူ့အထက်အရာရှိတွေရဲ့ မတရားဖိနှိပ်တာ မခံနိုင်တော့တာကြောင့်ရယ် သူ့ကိုယ်သူ သတ်သေသွားတာတဲ့။ ကိုယ့်ပါးစပ်ထဲကို သေနတ်ထည့်ပစ်သွားတာလို့တော့ အဲဒီတပ်ထဲက ဖရဲသီးက ကျနော်တို့ဆီကို သတင်းပို့လာတယ်” လို့ ပြောပါတယ်။

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တဲ့ ဗိုလ်ကြီးနိုင်စိုးလွင် ရဲ့နာရေးကိုတော့ ဖေဖော်ဝါရီ ၇ ရက်နေ့က ကပစ ၂၃ ထဲမှာပဲ ပြုလုပ်ခဲ့ကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လနဲ့ စက်တင်ဘာလက ကပစ ၂၃ က တပ်မိသားစုဝင်တွေကို လေကြောင်းကနေ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ ပြောင်းရွှေ့ပို့ဆောင်ပေးခဲ့ပေမယ့် အရာရှိတွေအပါအဝင် တခြားအဆင့်စစ်သည်တွေကိုတော့ ကပစစက်ရုံ မကျဆုံးစေရေးအတွက် အသေခံတိုက်ပွဲဝင်ကြဖို့ အမိန့်ပေးထားလို့ နေရစ်ခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။

ဂန့်ဂေါမြို့နယ်ထဲမှာရှိတဲ့ ကားလမ်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စိုးမိုးထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီတပ်ဟာ လေကြောင်းကို အဓိကအသုံးပြုပြီး ဂန့်ဂေါမြို့နယ်ထဲမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းတွေကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းပေးနေရတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013