DVB Logo
Home
မြန်မာသတင်း
နတ်မောက်က ထွေအုပ်စာရေး ၁ ဦး ပစ်သတ်ခံရ၊ ခင်ဦးတွင် မြန်မာဘီယာများဖျက်ဆီး
DVB
·
February 8, 2025
နတ်မောက်က ထွေအုပ်စာရေး ၁ ဦး ပစ်သတ်ခံရ၊ ခင်ဦးတွင် မြန်မာဘီယာများဖျက်ဆီး
1 / 2
Donate to DVB

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကျေးစာရေးတယောက် ပစ်သတ်ခံရပြီး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာတော့ ဖမ်းဆီးရမိတဲ့ စစ်တပ်ထုတ်ကုန် မြန်မာဘီယာတွေကို ဖျက်ဆီးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်က နတ်မောက်ထွေအုပ်ရုံးရဲ့ Non CDM ဝန်ထမ်း အကြီးတန်းစာရေးတယောက် ပစ်သတ်ခံလိုက်ရတာပါ။

ဒေသခံတယောက်က “ထုံးပေါက်ချိုင်းအုပ်စုစာရေးပါ။ ထုံးပေါက်ချိုင်းရွာနားမှာရှိတဲ့ ပိတောက်ကုန်းရွာကို ရုံးကိစ္စနဲ့ရောက်နေတဲ့အချိန် သူနေတဲ့အိမ်မှာအပစ်ခံလိုက်ရတာပါ” လို့ ပြောပါတယ်။

သေဆုံးသူ ထွေအုပ်ရပ်ကျေးစာရေးဟာ အသက် ၃၃ နှစ်အရွယ်ရှိသူ ကိုအောင်ကိုဦး ဆိုသူဖြစ်ကာ ထွေအုပ်စာရေးလုပ်သက် ၈ နှစ်နီးပါးရှိတယ်လို့ ဆိုပါတယ်။

နတ်မောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုအဆိပ်သီး က “သူက ကျန်ခဲ့တဲ့ ၂ နှစ်လောက် ကတည်းက ထုံးပေါက်ချိုင်းရွာက ရွာခံတွေကိုညပိုင်းကင်းစောင့်ခိုင်းတာတွေလုပ်ခဲ့တယ်။ သူက နာမည်ထွက်နေတာကြာပြီ။ ထုံးပေါက်ချိုင်းမှာမနေရဲလို့ ပိတောက်ကုန်းရွာမှာ ရှောင်နေတာ ဖြစ်နိုင်တယ်။ သူ့ကို စစ်တပ်က သေနတ်နဲ့လက်ပစ်ဗုံးပေးထားတယ်လို့ သတင်းရလို့ အခုလို ရှင်းလိုက်တာပါ။ ပိတောက်ကုန်းရွာက သူနေတဲ့အိမ်ပေါ်မှာပဲပစ်ခဲ့တာ။ ၄ ချက်ပါ။ ရင်ဘတ်နဲ့ခေါင်းတွေကိုထိတယ်။ ချက်ချင်းလျှောသွားတယ်ဗျ” လို့ DVB ကိုပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ထွေအုပ်ရပ်ကျေးစာရေး ကိုအောင်ကိုဦးရဲ့ ရုပ်အလောင်းကို အဲဒီနေ့ ညနေ ၆ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်သယ်ဆောင်သွားကြတယ်လို့လည်း သူကဆက်ပြောပါတယ်။

သေဆုံးသွားတဲ့ ရပ်ကျေးစာရေး ကိုအောင်ကိုဦးဆီကနေ ကွန်ပျူတာ ၁ လုံးနဲ့ ဖုန်း ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ပြီး အဲဒီပစ်ခတ်မှုကို နတ်မောက် ပကဖ ရဲဘော်တွေနဲ့အတူ ရေနံချောင်း PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းကလည်း နတ်မောက်မြို့နယ်ထဲက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေဖြစ်ကြတဲ့ စန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကိုနဲ့ အုပ်ရှစ်မျှောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးချစ် တို့ကိုလည်း သူတို့ရဲ့နေအိမ်တွေမှာ နတ်မောက် ပကဖ ရဲဘော်တွေက ပစ်ခတ်ရှင်းလင်းခဲ့ကြပါသေးတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာတော့ ဖေဖော်ဝါရီ ၇ ရက်နေ့က စစ်တပ်ထုတ်ကုန် မြန်မာဘီယာတွေကို ဖမ်းဆီးဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြမ်ကြားရေးတာဝန်ခံတယောက်က “အခုဖမ်းဆီးဖျက်ဆီး တာကတော့ အခုနှစ်ထဲမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဖမ်းဆီးဖျက်ဆီးခဲ့တဲ့ တန်ဖိုးပမာဏကတော့ ကျပ်သိန်း ၁၀၀ ဝန်းကျင်နီးပါးရှိပါတယ်” လို့ ပြောပါတယ်။

Myanmar Beer ဂျပ်ဖာပေါင်း ၇၁ ဖာ၊ ပုလင်းပေါင်း ၈၅၂ ပုလင်း၊ ဗူးတိုဂျပ်ဖာပေါင်း ၂၄ ဖာ၊ ဗူးပေါင်း ၅၇၆ ဗူး တို့ကို ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေနဲ့အတူ ဖမ်းဆီးဖျက်ဆီး ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလယ်ပိုင်းကလည်း ခင်ဦးမြို့နယ်ထဲကို စစ်တပ်ထုတ်ကုန်တွေ တင်ဆောင်လာတဲ့ယာဉ်တွေကို စစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်း ၁၄၀ ကျော်တန်ဖိုးရှိတဲ့ မြန်မာဘီယာနဲ့ ANDAMAN GOLD အမှတ်တံဆိပ်ပါ အရက်နဲ့ဘီယာဖာတွေ ဖမ်းဆီးရမိတဲ့အတွက်လည်း ဖျက်ဆီးခဲ့ကြသေးတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အဲဒီပစ္စည်းတွေရောင်းလို့ရတဲ့ အမြတ်အစွန်းငွေကြေးတွေနဲ့ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ဆိုးဆိုးဝါးဝါးဖျက်ဆီးနေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်တပ်ထုတ်ကုန်တွေကို သပိတ်မှောက်ကြဖို့ မေတ္တာရပ်ခံထားတယ်လို့လည်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013