DVB Logo
Home
မြန်မာသတင်း
ဘုတလင်-မုံရွာလမ်းတွင် တိုက်ပွဲဖြစ်၊ ပဲခူးရိုးမက နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး
DVB
·
February 7, 2025
ဘုတလင်-မုံရွာလမ်းတွင် တိုက်ပွဲဖြစ်၊ ပဲခူးရိုးမက နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကျီးပင်ချောင်ကျေးရွာအနီး မုံရွာ-ဘုတလင်သွားကား လမ်းမပေါ်မှာ ဖေဖော်ဝါရီ ၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်က စစ်ကောင်စီတပ်နဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံ ရွာသူတယောက်က “စစ်ကြောင်း ရွာမရောက်ခင်ကတည်းက ပြည်သူ့ကာကွယ်ရေးတပ်တွေက စကစ စစ်ကြောင်း လာနေပြီလို့ ကနဦး သတင်းလာပြောတယ်ဗျ။ သူတို့လာပြောလို့ ရွာသားတွေကတော့ အကုန် ရွာထဲကနေ ကြိုရှောင်နိုင်လို့ ရွာသားတွေကတော့ အကုန်လွတ်ပါတယ်။ သူတို့ နှစ်ဖက် တိုက်ပွဲကတော့ ဖြစ်ကြသေးတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း Battalion Of Budalin-BOB တပ်ဖွဲ့နဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၊ သတင်းနဲ့ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ ကိုပတ္တမြားက “စစ်တပ်ကတော့ ဘုတလင်မြို့ အနီးနားက ရွာတွေက ပြည်သူတွေကို စစ်ကြောင်းထိုးပြီး ဖမ်းဆီးနေတာ။ အဲလိုဖမ်းဆီးဖို့ ထွက်လာတဲ့ စစ်ကြောင်းကို ကျနော်တို့ဘက်က အသင့် ကြိုတင်ပြင်ဆင်ပြီး တိုက်ခိုက်ခဲ့တာဗျ။ စစ်တပ်ဘက်က မျက်မြင် ၈ ယောက် သေတယ်၊ ပြန်ကြားတာက ၁၀ ယောက်ကျော်တယ်ပြောတယ်။ အများအပြားလည်း ဒဏ်ရာရတယ်လို့ သိထားရတယ်ဗျ။ ကိုယ့်ဘက်ကတော့ ရဲဘော်တဦး မစိုးရိမ်ရဒဏ်ရာ ရရှိတာကလွဲပြီး ကျန်တာ အကုန်အန္တရာယ်ကင်းတယ်” လို့ ပြောပါတယ်။

အခုတိုက်ပွဲဖြစ်ပွားရာနေရာဟာ နမခစစ်တပ်နဲ့လည်း နီးကပ်သလို ဘုတလင်မြို့နဲ့လည်း ၃ မိုင်ခွဲခန့်သာ ဝေးကွာတယ်လို့လည်း သိရပါတယ်။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမ စင်မြင့်ကျေးရွာ လူနေအိမ်တွေကို  စစ်ကောင်စီစစ်ကြောင်က ဖေဖော်ဝါရီ ၄ ရက် မနက် ၁၀ နာရီခွဲမှာ မီးရှို့ဖျက်ဆီးသွားခဲ့ကြတယ်လို့ သိရပါတယ်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲ့ ပြန်ကြားရေးတာဝန်ခံက “ပဲခူးရိုးမထဲက စင်မြင့်ရွာနားမှာ ကျနော်တို့ဗျူဟာစစ်ကြောင်းနဲ့ သူတို့တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် တိုက်ပွဲဖြစ်ကြတယ်။ သူတို့ အင်အားက ၄၀ နဲ့ ၅၀ ကြားရှိတယ်။ အတော်လေးကို အထိနာလို့ သူတို့ဘက်က စစ်ကူခေါ်တယ်။ လာတဲ့ မြေပြင်စစ်ကူက ကောင်တွေက စင်မြင့်ရွာထဲဝင်ပြီး လူနေအိမ်တွေကို မီးရှို့သွားကြတာပါ။ အိမ် ၁၆ လုံး မီးလောင်ပျက်စီးခဲ့တယ်။ စစ်တပ်စစ်ကြောင်းတွေ အရမ်းထိုးလွန်းလို့ အဲ့ဒီရွာက ပြည်သူတွေက ထွက်ပြေးနေကြရတာကြာပြီ၊ ရွာထဲမှာလူမရှိကြဘူး” လို့ ပြောပါတယ်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ရဲ့ တာဝန်ခံ ဗိုလ်ဘက က “တိုက်ပွဲအခြေအနေကတော့ နာရီဝက်လောက်ကြာခဲ့တာပေါ့။ သူတို့ဘက်က တဝက်လောက်ထိတာပေါ့။ အဲ့ဒါကြောင့်လည်း စစ်ကူတောင်းတာ။ သူတို့ဘက်က စစ်ကူတွေက ခမရ ၆ က ကောင်တွေ။ ပြည်သူပိုင် ကား ၂ စီးကို ချောဆွဲပြီး ထန်းပင်ကုန်းရွာကိုရောက်လာတာ။ အဲ့ဒီကနေမှ စင်မြင့်ရွာကို မီးရှို့ကြတာ။ ကျနော်တို့နဲ့ဖြစ်တဲ့ တိုက်ပွဲထဲမှာ သေပြီးဒဏ်ရာရတဲ့ကောင်တွေကိုတော့ အဲ့ဒီကားတွေနဲ့ ပြန်တင်သွားကြတယ်။ သူတို့ စစ်ကူလာတာသိလို့ ကျနော်တို့ပြန်ဆုတ်ရင်း သူတို့ဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးစမှန်လို့ ရဲဘော် ၁ ယောက် ဒဏ်ရာရခဲ့တာ အသက်အန္တရာယ်မစိုးရိမ်ရပါဘူး” လို့ DVB ကို ပြောပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့​ကြတယ်လို့ သူကပြောပေမဲ့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ပြခဲ့တဲ့နှစ် နိုဝင်ဘာ ၂၇ ရက်ကလည်း ပဲခူးရိုးမထဲက ခါချဉ်တောင်ပေါ်ကိုတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာခဲ့တယ်လို့လည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

ပဲခူးရိုးမအတွင်း နှစ်ဖက်တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနိုင်သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်ကလည်း ပြည်သူတွေကို လူသားဒိုင်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးတာအပြင် ပြည်သူပိုင်မော်တော်ယာဥ်တွေကို ချောဆွဲနေတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားပြီး သွားလာနေထိုင်ကြဖို့လည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က အသိပေး နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013