
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဟံသာဝတီရပ်ကွက်၊ ရှမ်းဘုရားအနီးက နေအိမ်တခုမှာ အရိုက်ခံရပြီး သေဆုံးသွားတဲ့ ကလေးတယောက်ရဲ့ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၆ ရက်၊ မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ စေတနာရှင်ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
သေဆုံးကလေးငယ်ဟာ အသက် ၆ နှစ်လောက်သာ ရှိသေးတဲ့ မိန်းကလေးဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်၊ ညနေပိုင်းမှာ အဒေါ်တော်စပ်သူ အမျိုးသမီးရဲ့ တံမြက်စည်းနဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရတာပါ။
စေတနာရှင်အသင်းဝင်တယောက်က “ကလေးရဲ့အမေက တအိမ်တည်း အတူမရှိဘူး။ အလောင်းသွားယူတော့ ကလေးရဲ့အိမ်မှာ အဘွားတဦးပဲ တွေ့ခဲ့ရတယ်။ ပတ်ဝန်းကျင်က ပြောတာတော့ ကလေးက ၅ နှစ်၊ ၆ နှစ်လောက်ပဲ ရှိဦးမယ်” လို့ ပြောပါတယ်။
မနက်ပိုင်းမှာ သေဆုံးနေတဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာအဖွဲ့က စစ်ဆေးကြည့်ရာမှာတော့ ဦးခေါင်းပေါက်ပြဲ၊ ကျောကုန်းနဲ့ ရင်ဘတ်၊ လက်၊ တင်ပါးနဲ့ ခြေသလုံးတို့မှာ ညိုမဲဒဏ်ရာတွေ ရရှိထားတာ တွေ့ရပါတယ်။
ရိုက်နှက်ခဲ့တဲ့ အဒေါ်တော်စပ်သူ အမျိုးသမီးကို သံဖြူဇရပ်ရဲတပ်ဖွဲ့က စစ်ဆေးခေါ်ဆောင်သွားပြီး ရုပ်အလောင်းကို စေတနာရှင်အသင်းယာဉ်နဲ့ သံဖြူဇရပ်ဆေးရုံ၊ ရင်ခွဲဌာနကို ပို့ဆောင်ပေးထားပါတယ်။