DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေကြောင့် မြို့ပြလူငယ်အချို့ တော်လှန်ရေးတပ်ဖွဲ့များထံ ၀င်ရောက်လာ
DVB
·
February 6, 2025
စစ်မှုထမ်းဥပဒေကြောင့် မြို့ပြလူငယ်အချို့ တော်လှန်ရေးတပ်ဖွဲ့များထံ ၀င်ရောက်လာ
Donate to DVB

အာဏာသိမ်းစစ်တပ်က မကြာခင် စစ်မှုထမ်းအပတ်စဥ် ၉ ဖွင့်လှစ်ဖို့ရှိနေပြီး လူသစ်စုဆောင်းနေတာကြောင့်  မြို့ပြကလူငယ်တချို့ တော်လှန်ရေးတပ်ဖွဲ့တွေထဲ ၀င်ဖို့ ကြိုးစားနေကြပါတယ်။

၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်မှာ စခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ်တွေဟာ အခုဆိုရင် အပတ်စဉ် ၉ အထိ ရောက်ရှိလာနေပါပြီ။

အပတ်စဥ် ၁ မှာတင် သင်တန်းသား ၅,၀၀၀ နီးပါး စုဆောင်းနိုင်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ နောက်အပတ်စဥ်တွေမှာလည်း တပ်သားသစ် ပိုရအောင်လို့ ရန်ကုန်မြို့ရဲ့ မြို့နယ်တွေထဲမှာ နာမည်စာရင်းတွေ ခပ်စိတ်စိတ် ကောက်နေပါတယ်။

စစ်မှုထမ်းဖို့ နာမည်စာရင်းပေးခဲ့ရသူ အသက် ၃၂ နှစ်အရွယ် ကိုရဲက “ကျနော်တို့ဘက်က ဘာမှလုပ်စရာမရှိတော့ဘူး၊ လုပ်စရာမရှိဘူးဆိုတာက ကျနော်တို့ ရန်ကုန်မှာ အဖမ်းခံရရင်လည်း ခုခံဖို့က အခွင့်အရေးမရှိဘူး။ ဒါပေမဲ့ အခွင့်အရေးကတော့ ကျနော်တို့ လက်နက်ကိုင်မှပဲ ဖြစ်တော့မယ်။ လမ်းနှစ်ခုမှာ ဒီဘက်ကိုပဲ ရွေးမလား၊ ဟိုဘက်ကိုပဲ ရွေးမလား အဲဒီနှစ်ခုထဲမှာ အကောင်းဆုံး ကျနော်တို့ ရွေးလိုက်တာပါ” လို့ ပြောပါတယ်။

လက်ရှိ စစ်မှုထမ်းအပတ်စဉ် ၉ အတွက် စစ်ကောင်စီတပ်တွေဟာ ရန်ကုန်မြို့မှာ ဧည့်စာရင်း ၀င်စစ်တာတွေ၊ စာရင်းကောက်တာတွေ လုပ်နေသလို တဘက်မှာလည်း လူငယ်တွေ ပျောက်နေတဲ့ သတင်းတွေကလည်း မြို့ပြရဲ့ မလုံခြုံမှုတွေဘဲလို့ ကိုရဲရဲ့အုပ်ထိန်းသူ မဇာနည်က DVB ကို ပြောပါတယ်။

မဇာနည်ကလည်း နေပြည်တော် ကျန်းမာရေး၀န်ကြီးဌာနက CDM ၀န်ထမ်းတယောက်ပါ။ မောင်ဖြစ်သူ မြို့ပေါ်မှာ အချိန်မရွေး ပေါ်တာဆွဲခံရတာထက် အခုလို တော်လှန်ရေးထဲ ရွေးလိုက်တဲ့အပေါ်မှာ တမိသားစုလုံး ခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။

ကိုရဲရဲ့ အုပ်ထိန်းသူ မဇာနည်က “သူ အဲ့မှာ သူ့ရဲ့စိတ်ဆန္ဒနဲ့သူ သွားတဲ့အတွက်ကြောင့် မကြီးတို့က အနောက်ကနေ သူဖြစ်ချင်တာကို မတားဘူး လုပ်၊ ဒါပေမဲ့ အဲ့မှာလည်း အဲ့ထဲရောက်လို့ရှိရင်လည်း ကိုယ့်ကို အဆင်ပြေအောင်တော့ အဆိုးဆုံးထိတော့ တွေးထားတယ်။ ဘာပဲဖြစ်ဖြစ်လေ ဒီဘက်တော့ ပြန်ခေါ်ဖြစ်မှာမဟုတ်ဘူး။ ဒီတိုင်းပြည်ကြီး ပြီးတော့မှပဲ ပြန်တွေ့ကြတာ ကောင်းတယ်လေ။ ဒီမှာဆို ပိုကျဥ်းလာတော့မှာ၊ တဖြည်းဖြည်းနဲ့ နေစရာမရှိတော့ဘူး” လို့ ပြောပါတယ်။

စစ်မှုထမ်း အသက်သတ်မှတ်ချက် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် ပိတ်ပင်ထားတာ၊ ကားလမ်းခရီးတွေမှာ စစ်ဆေးမေးမြန်းပြီး ကျန်းမာသန်စွမ်းရင် စစ်မှုထမ်းခိုင်းနေတဲ့ ဖြစ်စဥ်တွေကြောင့် လူငယ်အများစုဟာ ပြည်တွင်းမှာ ပိတ်မိနေကြပါတယ်။

ဒါကြောင့် နီးစပ်ရာ တော်လှန်ရေးတပ်တွေနဲ့ မပူးပေါင်းခင် ကိုယ်သွားမယ့်တပ်တွေရဲ့ ဖွဲ့စည်းပုံနဲ့ နောက်ကြောင်းတွေကိုလည်း သေချာစုံစမ်းပြီးမှ ဆက်သွယ်သင့်ကြောင်း KNDF တပ်ရင်းမှူး ဇော်ရဲထက်က လူငယ်တွေကို အခုလို အသိပေးထားပါတယ်။

“ဒီတော်လှန်ရေးအရွေ့မှာကလည်း တကယ်လုပ်ဖြစ်နေတဲ့ တပ်၊ တကယ်စည်းစနစ်ကောင်းတဲ့ တပ်၊ တကယ်ယုံကြည်လို့ရတဲ့ တပ်မျိုး ရှိသလို တခြားသော အလုပ်မဖြစ်တဲ့ တပ်တွေ၊ စုစည်းမှု စုဖွဲ့မှု မကောင်းတဲ့တပ်တွေကလည်း ရှိတယ်ပေါ့နော်။ ဆိုတော့ ကိုယ်သွားမယ့်တပ်ဖွဲ့ရဲ့ Image ကို သေချာကြည့်ပါ၊ Profile သေချာကြည့်ပါ၊ သေချာလေ့လာပါ။ စစ်တပ်ဘက်ကလည်း Fake Account တွေနဲ့ ဘာတွေနဲ့ ခေါ်ပြီးတော့ လုပ်နေတာတွေ ရှိတယ်ပေါ့နော်။ ဆိုတော့ အဲဒါကြောင့်မို့ ကိုယ်သွားမယ့် တပ်ရင်း တပ်ဖွဲ့ကို ကိုယ် သေချာလေး လေ့လာစုံစမ်းပြီးမှ သွားဖို့ မှာချင်ပါတယ်။”

စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ အကျုံး၀င်သူတွေဟာ ၅ နှစ် စစ်မှုထမ်းရမှာဖြစ်ပြီး ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ် ချမှတ်နိုင်ကြောင်း ဖော်ပြထားပါတယ်။

သင်္ကြန်ရုံးပိတ်ရက်တွေအပြီး လာမယ့် ဧပြီလမှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်မှာဖြစ်တဲ့အတွက် ပြည်တွင်းက လူငယ်တွေဟာ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီ ဆက်သွယ် ၀င်ရောက်လာတာတွေ ရှိတယ်လို့ KNDF တပ်ရင်းမှူးက ပြောပါတယ်။

“ဒီမှာကိုင်တွယ်ရတဲ့ အခန်းကဏ္ဍတွေက လူငယ်တွေ မြို့ပေါ်ကနေ လာကြတယ်၊ နေရာဒေသ အသစ်တွေမှာရောက်တယ်။ ဆိုတော့ စည်းမျဥ်းစည်းကမ်းတွေ၊ အိမ်စည်းကမ်းနဲ့ တပ်စည်းကမ်းနဲ့ မတူသလို ကွဲလွဲမှုလေးတွေ ရှိတယ်။ အဲဒါတွေကို ညှိယူပြီးတော့ ကိုင်တွယ်ဖြေရှင်းရတာပေါ့နော်။ နောက်တခုကတော့ လူသစ်တွေ ရောက်လာတဲ့အတွက် အခက်အခဲတွေကတော့ ကျနော်တို့ ပိုပြီးတော့ စားနပ်ရိက္ခာတွေအတွက်၊ သူတို့ကို စစ်၀တ်တန်ဆာတွေ ဆင်ဖို့အတွက် အဲလို အခက်အခဲမျိုးတွေကတော့ ရှိကြတာပေါ့နော်။ ဒါပေမဲ့လည်း ဒါကို ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားဖြေရှင်းနေပါတယ်။”

စစ်ကောင်စီထုတ်ပြန်ချက်အရ စစ်မှုထမ်းဖို့ အကျုံး၀င်တဲ့သူ ၁၄ သန်း ရှိပါတယ်။ မကြာခင် စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ဆင့်ခေါ်တော့မှာဖြစ်ပြီး စစ်မြေပြင်တွေကို စစ်မှုထမ်းတွေ မပို့ဘူးလို့ ဆိုပေမဲ့ ကရင်နီစစ်မြေပြင်မှာတော့ စစ်မှုထမ်းသင်တန်းသားသစ်တွေ လက်နက်ချ အရှင်ဖမ်းမိတာတွေ တွေ့လာရပါတယ်။

ရှေ့တန်းစစ်မြေပြင်တွေမှာ တိုက်ပွဲဖြစ်တဲ့အခါ မူလတကည်းကရှိတဲ့ စစ်သားလား မတရားစစ်မှုထမ်းဖို့ စုဆောင်းခံရသူလားဆိုတာ ခွဲခြားဖို့ခက်ခဲတာကြောင့် အခြေအနေအရပ်ရပ်ကို ကြည့်ပြီး ပြည်သူ့တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဖို့၊ အလံဖြူထောင် လက်နက်ချဖို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတိုက်တွန်းထားပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013