DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေးက အမေရိကန်လုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ်ဆက်ရှိနေ
DVB
·
February 6, 2025
မြန်မာ့အရေးက အမေရိကန်လုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ်ဆက်ရှိနေ
Donate to DVB

မြန်မာပြည်အရေးဟာ အမေရိကန်ပြည်ထောင်စုရဲ့လုံခြုံရေးကို ထူးခြားတဲ့ ခြိမ်းခြောက်မှုအဖြစ် ဆက်ရှိနေပြီး အမျိုးသားအရေးပေါ်အခြေအနေအဖြစ် သက်တမ်း တနှစ် ထပ်တိုးကြောင်း သမ္မတ အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန်ပါတယ်။

မြန်မာပြည်အရေးဟာ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် သာမန်မဟုတ်ဘဲ ထူးခြားတဲ့ ခြိမ်းခြောက်မှုဖြစ်နေတာကြောင့် အမျိုးသားအရေးပေါ်အခြေအနေ ဖြစ်တယ်လို့ ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်နေ့ သမ္မတဂျိုးဘိုင်ဒင် လက်ထက်ကတည်းက ထုတ်ပြန်ထားတာပါ။

အခု သမ္မတ ဒေါ်နယ်ထရမ့်ပ် လက်ထက်မှာလည်း ဒီအခြေအနေအတိုင်း ဆက်ရှိနေပြီး သက်တမ်း တနှစ်ထပ်တိုးကြောင်း ဖေဖော်ဝါရီ ၄ ရက် နေ့စွဲနဲ့ သမ္မတအိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ပ်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး နှစ်ပတ်အကြာမှာ အခုလို ကြေညာချက်ထွက်ပေါ်လာတဲ့အတွက် အမေရိကန်အစိုးရရဲ့ အဓိကကျတဲ့ ရေးရာတွေထဲမှာ မြန်မာ့အရေးဟာ တခုအပါအဝင်အဖြစ် ယူဆနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဂျိမ်း(စ်)ရွှေ-Los Angeles Myanmar Movement- “အမေရိကအတွက် အရေးပေါ် ဆောင်ရွက်ရမယ့်ကိစ္စလို့ သမ္မတကိုယ်တိုင်က ကြေညာတာပေါ့လေ။ သူ ရေးထားတာ ထူးခြားတဲ့ ခြိမ်းခြောက်မှု အမေရိကန်ရဲ့ လုံခြုံရေးနဲ့ နိုင်ငံခြားရေးပေါ်လစီကို ခြိမ်းခြောက်မှုလို့ သူတို့ ယူဆတယ်။ သူတို့က စစ်တပ်ကို လုံးဝလက်မခံဘူး၊ အဲဒါ ထင်ရှားတယ်။ စစ်တပ်က တရားမဝင် အာဏာသိမ်းထားတယ် ဆိုတာကို သူတို့ ဒီမှာ ပြောထားတယ်။ ပြီးတော့ တိုင်းပြည် ခေါင်းဆောင်တွေကို တရားမဝင် ဖမ်းဆီးထားတယ်ဆိုတာ ပြောထားတယ်။ ပြည်သူရဲ့ဆန္ဒကို ဆန့်ကျင်တယ်ဆိုတာ ပြောထားတယ်။ နောက် ဥပဒေကို ချိုးဖောက်တယ်။ နောက် မြန်မာပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်က ရွေ့သွားအောင် လုပ်တယ်ပေါ့နော်။ အဲဒါက အမေရိကန်ပြည်အတွက် ထူးခြားတဲ့ ခြိမ်းခြောက်မှု၊ နောက်တခါ ထပ်ပြီးရေးထားတယ် အပေါ်မှာ ရေးတဲ့ဥစ္စာကိုပဲလေ။ တို့တွေ ထင်တာတော့ တော်လှန်ရေးကိုဆက်ပြီးတော့ အားပေးနေတယ်။ စကစကို အားမပေးဘူး။ အဲဒီအတွက်ကို တို့တွေကတော့ သဘောကျတာပေါ့နော်” လို့ ပြောပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ပ် ရာထူး လက်ခံတာဝန်ယူပြီးနောက် ပြည်တွင်း ပြည်ပရေးရာ ဆောင်ရွက်ချက်တွေအပေါ် ဝေဖန်မှုတွေ အများအပြားရှိခဲ့ပေမဲ့ ထရမ့်ပ် အစိုးရရဲ့ အရှေ့တောင်အာရှနဲ့ မြန်မာ့ရေးရာ မူဝါဒသဘောထားတွေကတော့ နွေဦးတော်လှန်ရေးအတွက် အလားအလာကောင်းတချို့ ရှိနေတာပါ။

အမေရိကန်ပြည်ထောင်စုအပေါ်ခြိမ်းခြောက်မှုအဖြစ် တည်ရှိနေတာကြောင့် မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန်အစိုးရဘက်က အားစိုက်ထုတ်မှုတွေ ရှိနေဦးမယ့်အခြေအနေ ဖြစ်ပါတယ်။

Save Myanmar-USA) ကိုရင်အေးက “တနှစ် သက်တမ်းတိုးတယ် ဆိုတာကတော့ မြန်မာပြည်အပေါ်မှာရှိတဲ့ ပေါ်လစီတွေ အများကြီး အပြောင်းအလဲ မဖြစ်နိုင်ဘူးဆိုတဲ့သဘောကို ဆောင်တယ်လို့ ကျနော် ယူဆတယ်။ နောက်တခုက သူ့ရဲ့စီးပွားရေးတိုက်ပွဲတွေ လုပ်နေတဲ့အထဲမှာ တရုတ်က အဓိကကျတယ်လေ။ ပနားမားတူးမြောင်းတို့ ဘာတို့ သူ စပြီးလုပ်လာတဲ့ အနေအထားရှိတယ်ဆိုတော့ တရုတ်နဲ့ဆက်နွှယ်နေတဲ့ ဗျူဟာမြောက်တဲ့ ဒေသတွေကို သူ့အနေနဲ့လည်း စိတ်ဝင်စားမှုရှိတယ်လို့ သုံးသပ်လို့ရတာပေါ့နော်။ ဒါတချက်ကတော့ ကျနော်တို့အတွက် မျှော်လင့်စရာပေါ့နော်။ ဒါပေမဲ့လည်း တရုတ်နဲ့ သူ ဘယ်လိုဆက်ပြီး ညှိမလဲဆိုတာကတော့ သူက စီးပွားရေးသမားလည်း ဖြစ်တယ်ဆိုတော့ အတည်တော့ သတ်မှတ်လို့မရဘူးပေါ့နော်။ အဲဒီ တချက်ရှိပါတယ်။ ရီပတ်ဘလစ်ကန်ကတော့ ဆီးနိတ်မှာရော၊ House မှာရော အဓိကအနိုင်ရထားသူတွေ ဖြစ်နေတဲ့အချိန် မြန်မာပြည် ပေါ်လစီတွေအနေနဲ့တော့ ဆက်ပြီးခိုင်ခိုင်မာမာ ရပ်တည်နေမယ်လို့တော့ ကျနော်တို့ မျှော်လင့်တယ်ပေါ့။ ဘာပဲဖြစ်စေ ကျနော်တို့အတွက် မျှော်လင့်ချက်ရှိတယ်ပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ ဘယ်လောက်ချဉ်းကပ်ပြီးတော့ တွန်းနိုင်မလဲပေါ့နော်။ အဲဒီအပေါ်မှာလည်း မူတည်ပါလိမ့်မယ်။ အဲဒီအပေါ်မှာလည်း ကျနော်တို့ ပြင်ဆင်နေကြတာတော့ ရှိပါတယ်” လို့ ပြောပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေအရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံတွေကို ဘက်ခွဲပြီး ဆက်ဆံသွားမှာ မဟုတ်ဘူးလို့ ထရမ့်ပ်အစိုးရအဖွဲ့၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် မာကိုရူဘီအိုက ဇန်နဝါရီလထဲမှာ ပြောဆိုထားပါတယ်။

ဇန်နဝါရီ ၂၁ ရက်နေ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရေး ကန်အထက်လွှတ်တော် ကြားနာပွဲမှာ သံအမတ်ကြီး အယ်လိစ်စတီဖာနစ်က မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြေရှင်းရေးဟာ ဦးစားပေးအရေးကိစ္စ ဖြစ်တယ်လို့ အရှေ့တောင်အာရှနဲ့ မြန်မာ့ရေးရာ ဆက်စပ်မေးခွန်းကို ဖြေကြားရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်တွေဟာ တရုတ်နိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတဲ့ အရှေ့တောင်အာရှဒေသကို အမေရိကန် အစိုးရသစ်က အာရုံစူးစိုက်မှုရှိနေကြောင်း ဖော်ပြနေတာဖြစ်ပြီး မြန်မာ့အရေးအပေါ်မှာလည်း ကောင်းမွန်တဲ့သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းထားပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013