
ကိုလံဘီယာရေတပ်ဟာ ဇူလိုင် ၁၅ ရက်က နိုင်ငံရဲ့ ကာရစ်ဘီယံ ကမ်းရိုးတန်းအလွန်မှာ သံသယရှိသူ ၅ ယောက် တင်ဆောင်လာတဲ့ အမြန်ရေယာဉ်တစီးပေါ်ကနေ ကိုကင်း ဟိုက်ဒရိုကလိုရိုက် ၃ တန်ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာပိုင်တွေက ဇူလိုင် ၁၆ ရက်မှာ ပြောပါတယ်။
အခုဖမ်းဆီးရမိတဲ့ သံသယရှိသူ ၅ ယောက်ဟာ ကိုကင်းတွေကို အမေရိကအလယ်ပိုင်းကို ပို့ဆောင်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ဖမ်းမိတဲ့ ကိုကင်း အလေးချိန်ကတော့ ၃,၁၂၁ ကီလိုဂရမ် (၃ တန်ကျော်) ရှိပါတယ်။ ဒါဟာ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော် တန်ကြေးရှိတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ကိုလံဘီယာ ရေတပ်အနေနဲ့ ကာရစ်ဘီယံ ပင်လယ်ပြင်ကြီးထဲမှာ စဉ်ဆက်မပြတ် စောင့်ကြည့်တာနဲ့ ထိရောက်တဲ့ ပင်လယ်ပြင် စိုးမိုးရေးတွေကို လုပ်ဆောင်ခဲ့လို့ အခုလို မူးယစ်ဆေးဝါး ၃ တန်ကျော်ကို မိနစ်ပိုင်းအတွင်း ကြားဖြတ် ဖမ်းဆီးနိုင်ခဲ့တာပါ။
အခုလို ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် အကြမ်းဖက်မှုတွေနဲ့ အရပ်သားတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဒုက္ခပေးဖို့ ကြိုးစားနေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ဘဏ္ဍာငွေထဲကို ဒေါ်လာ သန်း ၁၂၀ ကျော် ဝင်မသွားအောင် တားဆီးနိုင်ခဲ့တယ်လို့ ကာရစ်ဘီယံ ကမ်းရိုးတန်းစောင့်တပ်မှူး၊ ဒုတိယဗိုလ်မှူးကြီး နိကိုလပ်စ် ဂုဇ်မန်း ဆာလာ့စ်က ပြောပါတယ်။
သံသယရှိသူ ၅ ယောက်ကို ဆိပ်ကမ်းဆီ ခေါ်ဆောင်လာပြီးနောက် အာဏာပိုင်တွေက သူတို့ရဲ့ ကျန်းမာရေးကို စစ်ဆေးပေးခဲ့သလို ဖမ်းမိတဲ့ ပစ္စည်းတွေကိုလည်း စံချိန်စံညွှန်းမီ ပဏာမ ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ အဲဒီပစ္စည်းတွေဟာ ကိုကင်း ဟိုက်ဒရိုကလိုရိုက်ဒ် ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။
Source: Reuters










