DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၄ နှစ်အတွင်း အနာကြီးရောဂါသည်များ ကူရာမဲ့ပိုဖြစ်လာ
DVB
·
February 6, 2025
စစ်အာဏာသိမ်း ၄ နှစ်အတွင်း အနာကြီးရောဂါသည်များ ကူရာမဲ့ပိုဖြစ်လာ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၄ နှစ်တာကာလအတွင်း အဘက်ဘက်က ယိုယွင်းလာတဲ့ ပြည်သူ့ကျန်းမာရေးစနစ်ထဲမှာ အနာကြီးရောဂါဝေဒနာသည်တွေရဲ့ အခြေအနေဟာ ပိုခက်ခဲလာပါတယ်။ 

ခေတ်အဆက်ဆက် မြန်မာနိုင်ငံမှာ Neglected Tropical Diseases (NTD) မေ့လျော့ခြင်းခံထားရတဲ့ ရောဂါအုပ်စုထဲမှာ ပါဝင်တဲ့ အနာကြီးရောဂါ ခံစားနေရသူတွေအပေါ် ထိခိုက်ခံစားနေရပြီလို့ ကူညီဆောင်ရွက်သူတွေက ဆိုပါတယ်။

ပြည်တွင်းပြည်ပအကူအညီတွေ နည်းပါးလာတာတွေအပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ အသိပညာပေးမှုတွေ လက်လှမ်းမမီတဲ့ အခြေအနေတွေကြောင့် ရောဂါဖြစ်ပြီး နောက်ဆက်တွဲ ဝေဒနာခံစားနေရသူတွေ အခက်ကြုံနေသလို ရောဂါသစ်ပြန့်ပွားမှုဟာလည်း ပိုတိုးလာနိုင်တဲ့ အခြေအနေကို ကြုံတွေ့နေရပါတယ်။

အနာကြီးရောဂါဟာ Mycobacterium Leprae လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်းထဲကနေ ဝင်ရောက်တဲ့ ဘက်တီးရီးယားပိုးဖြစ်ပေမဲ့ အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးတာမျိုးမဟုတ်ဘဲ အရေပြားနဲ့ peripheral nerve လို့ခေါ်တဲ့ ကိုယ်ခန္ဓာရဲ့ အစွန်းအဖျားတွေမှာရှိတဲ့ အာရုံကြောတွေကို ထိခိုက်စေတာပါ။

အာရုံကြောတွေ ပျက်စီးတဲ့အတွက် အာရုံကြောတွေရဲ့အလုပ်တွေဖြစ်တဲ့ အပူ၊ အအေး ခံစားနိုင်မှု၊ အလိုအလျောက် တုံ့ပြန်မှု၊ ကြွက်သားလှုပ်ရှားမှုတို့ကို ထိခိုက်စေပါတယ်။ ဒါကို ချက်ချင်းကုသခြင်း မခံရဘူးဆိုရင်၊ အချိန်ကြာလာတာနဲ့အမျှ ကိုယ်ခန္ဓာက လုပ်ဆောင်နိုင်တဲ့ စွမ်းအားမရှိဘဲ ဆက်လက်အသက်ရှင်နေထိုင်သွားရမယ့် အနေအထားမျိုး၊ အခြေအနေမျိုးကို ကြုံတွေ့ရနိုင်မယ့် ဘေးအန္တရာယ်ရှိတဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ဆေးပေါင်းလို့ခေါ်တဲ့ (Multi-Drug Therapy MDT) နဲ့ အချိန်မီကုသပေးနိုင်ရင်တော့ အဲ့လိုပျက်စီးမှုတွေကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဆေးဝါးကုသပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေဟာ မြေပြင်မှာ ရောက်ရှိနိုင်ဖို့ ခက်သလို ဆေးဝါးရရှိမှုဟာလည်း ခက်ခဲတဲ့အခြေအနေကိုရင် ဆိုင်နေကြရပါတယ်။

NUG အနာကြီးရောဂါတိုက်ဖျက်ရေး စီမံချက်တာဝန်ခံ ဒေါက်တာဝိုင်က  “အနာကြီးရောဂါအများစုရှိရာဒေသ၊ ဖြစ်ပွားရာဒေသဖြစ်တဲ့ အပူပိုင်း ဒေသတွေကလည်း အခုလက်ရှိမှာ ပြည်တွင်းစစ်ဖြစ်ရာ ဒေသနေရာ အများစု ဖြစ်နေပြီးတော့ စစ်အစိုးရရဲ့ လက်ရှိ ကျန်းမာရေး စောင့်ရှောက်မှုက မရောက်နိုင်ဘူးပေါ့နော်၊ ရောက်နိုင်တဲ့ နေရာတွေ မဟုတ်ဘူး။ နောက်ပြီး အနာကြီးရောဂါ ဝေဒနာသည်တွေ၊ ပြည်သူလူထုအနေနဲ့ကလည်း စစ်အစိုးရရဲ့ လူမဆန်စွာ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေ၊ ဖြတ်လေးဖြတ် ပေါ်လစီ ကျင့်သုံးတဲ့ အနေအထားကြောင့် ဆေးဝါး အထူးအားဖြင့် အနာကြီး ဆေးဝါးပေါ့ ဆေးပေါင်းပေါ့ အဲ့ဒါတွေကို ရရှိဖို့ရာကလည်း ကွာဝေးတယ်ပေါ့နော်” လို့ ပြောပါတယ်။

တဖက်မှာလည်း အနာကြီးရောဂါတိုက်ဖျက်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း မြေပြင်အခြေအနေနဲ့ ပြည်တွင်းပြည်ပ အကူအညီတွေ လျော့လာတာနဲ့အမျှ ပညာပေးရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ မလုပ်နိုင်သလောက် နည်းပါးတဲ့ အခြေအနေ ဖြစ်နေကြတယ်လို့ ကူညီရေးဆောင်ရွက်ခဲ့တဲ့အဖွဲ့တွေက ပြောပါတယ်။

ပြည်တွင်းမှာရှိတဲ့ အနာကြီးရောဂါသည်တွေ ခိုလှုံရာနေရာတွေဟာလည်း ကိုဗစ်ကာလ ကတည်းက အလှူရှင်တွေ အရောက်အပေါက်နည်းခဲ့ရာကနေ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုပြီး ကူညီထောက်ပံ့မှုတွေ နည်းလာကြပါတယ်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က အနာကြီးရောဂါသည်တွေ ခိုလှုံရာ မရမ်းချောင်း ပရဟိတဂေဟာ ဆိုရင်လည်း အလှူရှင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေ နည်းပါးလာတဲ့ အခြေအနေကြောင့် အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။

မရမ်းချောင်း မေတ္တာပရဟိတဂေဟာ ဥက္ကဋ္ဌ  ဦးလှဌေးက “အနာကြီးရောဂါဆေးဝါးကတော့ အခမဲ့ရပါတယ်။ တခြားကျန်းမာရေးဖြစ်လာရင်တော့ ဦးတို့ ဒီမှာက ဆေးရုံ ဆေးခန်းတွေနဲ့ ဝေးတော့ ရန်ကုန်ဆေးရုံကြီးတွေ သွားရတဲ့အခါ အခက်အခဲတော့ ရှိတယ်။ ရန်ပုံငွေ အခက်အခဲလေးတွေလည်း ရှိတယ်။ အလှူရှင်တွေလည်း နည်းသွားပါတယ်။ စေတနာ့ဝန်ထမ်းတွေလည်း ရှားပါးလာတယ်၊ စေတနာ့ဝန်ထမ်းတွေကို ထောက်ပံ့နိုင်မှု အခြေအနေလည်း မရှိတော့ဘူး” လို့ ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ ၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံရဲ့ အနာကြီးရောဂါ လူနာသစ်တွေ့ရှိမှုနှုန်းဟာ တနှစ်ကို ၁၈၀၀ ထိ ကျဆင်းသွားတာကို တွေ့ရပါတယ်။

စစ်အာဏာသိမ်းမှုနဲ့အတူ သန်းနဲ့ချီတဲ့ပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ မြန်မာနိုင်ငံမှာတော့ ကူးစက်မှုတွေနဲ့ လူနာသစ်တွေကို ခန့်မှန်းတွက်ချက်ဖို့ ခက်ပေမဲ့ ပိုများလာနိုင်တယ်လို့ အနာကြီးရောဂါတိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေသူတွေက ခန့်မှန်းထားကြပါတယ်။

ခေတ်အဆက်ဆက် မေ့လျော့ခံခဲ့ရတဲ့ အနာကြီးရောဂါသည်တွေကတော့ လူမှုဝန်းကျင်က ခွဲခြားဆက်ဆံမှုတွေနဲ့ နည်းပါးလာတဲ့ ထောက်ပံ့ကူညီမှုတွေကြားမှာ ကူရာမဲ့ဖြစ်နေကြတယ်လို့ အနာကြီးရောဂါသည်တွေအရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013